အက်ဖ်ဘီအိုင် ဒု-ညွှန်ကြားရေးမှူး ရာထူးမှနုတ်ထွက်

January 30, 2018

အက်ဖ်ဘီအိုင် ဒု-ညွှန်ကြားရေးမှူး ရာထူးမှနုတ်ထွက်

အမေရိကန် ပြည်တွင်းလုံခြုံရေးနဲ့ စုံစမ်းထောက်လှမ်းရေး အဆင့်အမြင့်ဆုံး အဖွဲ့အစည်းတခုဖြစ်တဲ့ အက်ဖ်ဘီအိုင် ဒုတိယညွှန်ကြားရေးမှူး အန်ဒရူးမက်ကေ့ ရာထူးက နုတ်ထွက်သွားပြီလို့ နီးစပ်ရာ သတင်းအရင်းအမြစ်တခုက ဇန်နဝါရီ ၂၉ ရက်နေ့မှာ ပြောပါတယ်။ မက်ကေ့ဟာ မတ်လမှာ ရာထူးကနုတ်ထွက်ဖို့ မျှော်မှန်းရပြီး ရာထူးကနုတ်ထွက်တဲ့ ကာလအထိ ခွင့်ရက်အဖြစ် ရှိနေမယ်လို့ အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တခုက ပြောပါတယ်။ အက်ဖ်ဘီအိုင် ဒု-ညွှန်ကြားရေးမှူး အန်ဒရူးမက်ကေ့ဟာ ၂၀၁၆ ရွေးကောက်ပွဲကာလအတွင်း ဒီမိုကရက်တစ်ပါတီက ပြိုင်ဘက် ဟီလာရီကလင်တန်ဘက်ကို မျက်နှာလိုက်တယ်လို့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့ စွပ်စွဲပြစ်တင်မှု ခံခဲ့ရသူတယောက် ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတာဝန် ထမ်းဆောင်နေစဉ်က ကိုယ်ရေးကိုယ်တာ အီးမေးလ်ဆာဗာကို အသုံးပြုတဲ့ ကလင်တန်ရဲ့ကိစ္စကို အက်ဖ်ဘီအိုင်က စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မက်ကေ့ဟာ ရီပတ်ဘလစ်ကန် သမ္မတနဲ့ ဥပဒေပြုအမတ်တွေရဲ့ ပစ်မှတ်တခု ဖြစ်လာခဲ့ပါတယ်။ အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းစစ်ဆေးမှုမှာလည်း ကလင်တန် အရေးယူခံခဲ့ရခြင်း မရှိခဲ့ပါဘူး။ ရီပတ်ဘလစ်ကန် အထက်လွှတ်တော် ကော်မတီဝင်တချို့ဟာ ကလင်တန်ကိစ္စမှာ အက်ဖ်ဘီအိုင်က မျက်နှာလိုက်ပြီး စုံစမ်းစစ်ဆေးမှုမှာ ပျက်ကွက်မှုရှိမရှိ စုံစမ်းစစ်ဆေးနေကြပါတယ်။ ဒီမိုကရက်တစ်ပါတီကတော့ ဒီလို စုံစမ်းစစ်ဆေးမှုတွေဟာ ဒေါ်နယ်ထရန့်ရဲ့ ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုမှာ ရုရှားပါဝင်ပတ်သက်ခြင်းရှိမရှိ အထူးစုံးစမ်းရေးကောင်စီရဲ့ စုံစမ်းစစ်ဆေးမှုကို အနှောင့်အယှက်ဖြစ်စေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။
3 years Ago
Up