အက်ပဲလ်ထုတ်ကုန်အသစ် အနီရောင် အိုင်ဖုန်း 7 လာတော့မည်

March 22, 2017

အက်ပဲလ်ထုတ်ကုန်အသစ် အနီရောင် အိုင်ဖုန်း 7 လာတော့မည် (ရုပ်သံ)

နာမည်ကျော် အက်ပဲလ်ကုမ္ပဏီက သူတို့ရဲ့ ထုတ်ကုန်သစ်တွေအဖြစ် အိုင်ဖုန်း 7 နဲ့ အိုင်ဖုန်း 7+ အနီရောင်တွေကို အထူးထုတ်ကုန်တွေအဖြစ် ဈေးကွက်ထဲ ဖြန့်ချိသွားမယ်လို့ မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ခုအသစ်ထုတ်လုပ်လိုက်တဲ့ အနီရောင်အိုင်ဖုန်းထုတ်ကုန်တွေကို အရင်ထုတ်လုပ်ပြီးဖြစ်တဲ့ Silver, Gold, Rose Gold, Black နဲ့ Jack Black တွေနဲ့အတူ ရွေးချယ်ဝယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ခုလိုထုတ်လုပ်တာဟာ အက်ပဲလ်ကုမ္ပဏီနဲ့ U2 တေးဂီတအဖွဲ့မှ အဆိုတော် ဘိုနိုနဲ့ AIDS အရေး တက်ကြွလှုပ်ရှားသူ ဘော်ဘီရှရီဗားတို့ ပူးတွဲတည်ထောင်ခဲ့တဲ့ AIDS Charity (RED) တို့ကြား ဆယ်နှစ်ကျော်သက်တမ်းကာလ ပရဟိတ ပူးတွဲလုပ်ဆောင်မှု အထိမ်းအမှတ် ထုတ်လုပ်လိုက်တာလို့ ဆိုပါတယ်။ အနီရောင်အိုင်ဖုန်းတွေကို မှာယူချင်တယ်ဆိုရင်တော့ လာမယ့် မတ်လ ၂၄ ရက်၊ သောကြာနေ့မှာ တကမ္ဘာလုံးကနေ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပါတယ်။ 128 GB နဲ့ 256 GB တွေ အသီးသီးထုတ်လုပ်ထားပြီး ဈေးနှုန်းတွေကတော့ အင်္ဂလန်ပေါင်ငွေ ၆၉၉ ကနေ စတင်မှာဖြစ်တယ်လို့ အက်ပဲလ်ကုမ္ပဏီရဲ့ သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။ ထူးခြားချက်အနေနဲ့ကတော့ ဒီအနီရောင်အိုင်ဖုန်းတွေ ရောင်းချရငွေတွေကို တကမ္ဘာလုံးမှ HIV/AIDS ရောဂါဝေဒနာရှင်တွေအတွက် ကူညီထောက်ပံ့ရေး အစီအစဉ်တွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဘယ်လောက်ပမာဏ လှူဒါန်းသွားမယ်ဆိုတာကိုတော့ မဖော်ပြဘဲ AIDS Charity (RED) အဖွဲ့မှ အမှုဆောင်အရာရှိချုပ် ဒီဗိုရာ ဒူဂန်ကတော့ အက်ပဲလ်အနေနဲ့ အရင်က ပေါင်သန်း ၁၃၀ ကျော် လှူဒါန်းခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။
5 years Ago
Up