ကမ္ဘာကျော် ကွန်ပျူတာထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ အက်ပဲလ် (Apple) ကုမ္ပဏီက အင်ဂျင်နီယာတဦးကို ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား နည်းပညာ ခိုးယူမှုနဲ့ အမေရိကန်တရားရုံးက တရားစွဲလိုက်ပါတယ်။
ကျန်းရှောင်လန်းဆိုတဲ့ အင်ဂျင်နီယာဟာ ဇူလိုင် ၇ ရက်နေ့က တရုတ်နိုင်ငံကို သွားဖို့ လေယာဉ်ပေါ် မတက်ခင်မှာ ကယ်လီဖိုးနီးယား ထောက်လှမ်းရေးတွေက ဖမ်းဆီးလိုက်တာပါ။
ကုမ္ပဏီရဲ့ လုံခြုံရေးကင်မရာကတဆင့် တွေ့ရှိချက်တွေအရ ကျန်းဟာ အခုနှစ် ဧပြီလက အက်ပဲလ်ကုမ္ပဏီရဲ့ မောင်းသူမဲ့ကား စမ်းသပ်ထုတ်လုပ်ရေး အခန်းထဲကို ဝင်ရောက်ခဲ့ပြီး ကားထုတ်လုပ်တဲ့ မူကြမ်းတွေကို သူ့ရဲ့ကွန်ပျူတာထဲ ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။
ကျန်းဟာ အက်ပဲလ်ကုမ္ပဏီကနေ ထွက်ပြီး တရုတ်နိုင်ငံ ကွမ်ကျိုးပြည်နယ်အခြေစိုက် တရုတ်ကားကုမ္ပဏီ ရှောင်ပန်းမှာ သွားရောက်အလုပ်လုပ်မယ့်အကြောင်း ကုမ္ပဏီကို အသိပေးထားတယ်လို့လည်း အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
အခုကိစ္စနဲ့ပတ်သက်ပြီး အက်ဖ်ဘီအိုင်နဲ့ ကျန်းရဲ့ ရှေ့နေကတော့ တစုံတရာ ပြောကြားတာမျိုး မရှိသေးကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago