အက်ဒီးဒက်စ်ဂျာစီ

June 28, 2019

အက်ဒီးဒက်စ်ဂျာစီအသစ်နှင့် ရိုက်ကူးထားသည့် အာဆင်နယ် ကစားသမားများ၏ ဗွီဒီယို ပေါက်ကြား

၂၅ နှစ်အကြာမှာ အက်ဒီးဒက်စ်နဲ့ ပြန်လည်လက်တွဲခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဂျာစီသစ်နဲ့အတူ ရိုက်ကူးထားတဲ့ ကစားသမားတွေရဲ့ ပရိုမိုဗွီဒီယို ပေါက်ကြားခဲ့ပါတယ်။ အက်ဒီးဒက်စ်နဲ့ အာဆင်နယ်တို့ရဲ့ စပွန်ဆာစာချုပ်ဟာ ကမ္ဘာပေါ်က တန်ကြေးအမြင့်ဆုံး ဂျာစီစပွန်ဆာ စာချုပ်တွေထဲမှာ အဆင့် ၅ နေရာထိ ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပူးမားနဲ့ လက်တွဲဖြုတ်ပြီးနောက် အက်ဒီးဒက်စ်နဲ့ တနှစ်ကို ပေါင်သန်း ၃၀ တန်ကြေးရှိတဲ့ ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပူးမားနဲ့ နောက်လကုန်မှ စာချုပ်သက်တမ်း ကုန်မှာဖြစ်လို့ ဂျာစီပုံစံသစ်တွေကို တရားဝင်ချပြခြင်း မရှိသေးတဲ့အချိန်မှာ ဒီဗွီဒီယို ပေါက်ကြားလာတာလည်း ဖြစ်ပါတယ်။ ပရိုမိုဗွီဒီယိုထဲမှာတော့ အာဆင်နယ်ဂန္ထဝင် အီရန်ရိုက်၊ အိုဇေးလ်၊ ကိုလာဆီနက်၊ အော်ဘာမီယန်း၊ လာကာဇက်တီ၊ အီဝိုဘီ၊ ဘယ်လာရင်၊ ကိုစီရယ်နီတို့အပြင် အာဆင်နယ်အသင်းကို အရူးအမူးအားပေးတဲ့ နာမည်ကျော် သရုပ်ဆောင် အိုက်ဒရစ်အဲလ်ဘာတို့ သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ အင်္ကျီဒီဇိုင်းကတော့ အစောပိုင်းက ပေါက်ကြားထားတဲ့ ပုံစံအတိုင်းဖြစ်ပြီး ၁၉၉၀ ကျော်လောက်က ဝတ်ဆင်ခဲ့တဲ့ ပုံစံကို မှီငြမ်းထားပါတယ်။
3 years Ago
Up