စစ်ပွဲတွေရပ်စဲပေးဖို့နဲ့ စစ်ရေးတင်းမာမှုတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးဖြေရှင်းဖို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) ပါတီက ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း ၂၈ နှစ်ပြည့်အထိမ်းအမှတ် ထုတ်ပြန်လိုက်တာဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ပင်လုံမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ ချုပ်အနေနဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့မှာ ပါဝင်ဆောင်ရွက်နေပြီး ညီလာခံသို့ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင်နိုင်ရေး ဆောင်ရွက်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးလိုအပ်ချက်နဲ့ စီးပွားရေးတုံ့ဆိုင်းနေမှုအပေါ် ပူပင်မှုတွေရှိနေတဲ့ အကြောင်းနဲ့ ကုစားမှုတွေ အမြန်ဆုံးပြုလုပ်သင့်တယ်လို့လည်း အကြံပြုထားပါတယ်။
ပါတီဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ၂၈ပြည့် အခမ်းအနားတွေကို တောင်ကြီး၊ လားရှိုး စတဲ့ ရှမ်းပြည်နယ်က မြို့တွေမှာ ပြုလုပ်နေသလို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာလည်း အောက်တိုဘာလ ၂၆ ရက်နေ့က တပြိုင်နက်တည်း ပြုလုပ်ခဲ့ပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်ထွန်းဦးကတော့ ၂၈ နှစ်ဆိုတာက အရွယ်ရောက်တဲ့ပါတီတစ်ခုဖြစ်ပြီလို့ ပြောလို့ရပေမယ့် ဖြတ်သန်းမှုမှာ ပန်းခင်းလမ်းထက် ဆူးခင်းလမ်းတွေ ပိုမိုများပြီး ဒဏ်ရာဒဏ်ချက်တွေနဲ့ ပြည့်နက်နေတယ်လို့ အခမ်းအနားအဖွင့် အမှာစကားမှာပြောကြားခဲ့ပါတယ်။
ဒါ့အပြင် လက်ရှိအစိုးရအဖွဲ့ကို ဦးဆောင်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကြိုးပမ်းမှုတွေကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးကူညီမယ်လို့ပြောပါတယ်။
ဒီအခမ်းအနားကို မဟာမိတ်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ အမျိုးသမီးများ အဖွဲ့ချုပ်မြန်မာနိုင်ငံတို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ကို ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ၁၉၈၈ အောက်တိုဘာမှာ စတင်ထည်ထောင်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ရမှာ အန်အယ်လ်ဒီ ပါတီပြီးရင် ဒုတိယ နေရာအများဆုံး အနိုင်ရရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း စတုတ္ထနေရာအများဆုံးအနိုင်ရခဲ့ပြီး လက်ရှိ ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးနဲ့ ပြည်နယ်အဆင့်မှာ လွှတ်တော် ကိုယ်စားလှယ် ၂၅ ယောက် ရှိပါတယ်။
အက်စ်အန်အယ်လ်ဒီပါတီရဲ့ အဓိက ရည်မှန်းချက်ကတော့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်ပါတယ်။
6 years Ago