မတ် ၄ ရက် မနက်ပိုင်းက ကစားသွားတဲ့ စပိန်လာလီဂါပွဲစဉ်တွေမှာတော့ ရီးရဲလ်ဘက်တစ်က အက်စ်ပန်ညိုကို ၃ ဂိုး ဂိုးမရှိ၊ ဂရန်နာဒါက စပို့တင်း ဂီဂျွန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အသီးသီး အနိုင်ရရှိသွားပါတယ်။
ရီးရဲလ်ဘက်တစ်က အက်စ်ပန်ညိုကို အနိုင်ကစားပြီး ဒီဘောလုံးရာသီရဲ့ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို ရယူလိုက်ပါတယ်။
ဘက်တစ်အတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၁၀ မိနစ်နဲ့ မိနစ် ၂၀ မှာ သွင်းယူခဲ့ပြီး ပထမပိုင်းကို ၂ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ပါတယ်။
ဒုတိယပိုင်း ၇၁ မိနစ်မှာ အနိုင်ကို သေချာစေမယ့် တတိယဂိုးကို သွင်းယူခဲ့ပါတယ်။
ဒီပွဲမှာ ဘက်တစ်က သက်တောင့်သက်သာနဲ့ အက်စ်ပန်ညိုကို အနိုင်ရရှိသွားတာလည်း ဖြစ်ပါတယ်။
ဘက်တစ်က ၂၇ ပွဲကစား ၃၁ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၃၊ အက်စ်ပန်ညိုကတော့ ၂၇ ပွဲကစား ၂၈မှတ်နဲ့ အဆင့် ၁၄ မှာ ရပ်တည်နေပါတယ်။
တခြားပွဲစဉ်ဖြစ်တဲ့ ဂရန်နာဒါနဲ့ စပို့တင်းဂီဂျွန်တို့ပွဲမှာတော့ ဂရန်နာဒါက ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
တန်းဆင်းဇုန်မှာ ရပ်တည်နေတဲ့ အသင်း ၂ သင်းတို့ ဒီဇုန်ကနေ ရုန်းထွက်နိုင်ဖို့ အားပြိုင်တဲ့ပွဲ ဖြစ်တာကြောင့်လည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။
ပထမပိုင်းမှာ ဂိုးမရှိသရေကျနေသလို ပွဲချိန် ၇၂ မိနစ်မှာတော့ ဂရန်နာဒါက အဖွင့်ဂိုး သွင်းယူပါတယ်။
ဒီနောက် ၈၄ မိနစ်မှာ ဂီဂျွန်က ကစားသမားတဦး အထုတ်ခံရပြီး မိနစ် ၉၀ မှာ ဂရန်နာဒါက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။
ဂရန်နာဒါက ၂၇ ပွဲကစား ၂၆ မှတ်နဲ့ အဆင့် ၁၈၊ ဂီဂျွန်ကတော့ ၂၇ ပွဲကစား ၂၄ မှတ်နဲ့ အဆင့် ၁၉ မှာ အသီးသီး ရပ်တည်နေပါတယ်။
5 years Ago