အက်ကွဲကြောင်းကြီး

May 5, 2018

မမျှော်လင့်ဘဲ ပွင့်ထွက်လာသည့် နယူးဇီလန်က မြေကျွံပေါက် အက်ကွဲကြောင်းကြီး (ရုပ်သံ)

နယူးဇီလန်နိုင်ငံ လယ်တောထဲမှာ မမျှော်လင့်ဘဲ ပွင့်ထွက်လာတဲ့ ခြောက်ထပ်အဆောက်အအုံအနက်ရှိ မြေကျွံပေါက် အက်ကွဲကြောင်းကြီးက နှစ်ပေါင်း ၆ သောင်းကျော်ကြာ မီးတောင်ဟောင်းရဲ့ အလွှာဖြစ်နေကြောင်း တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပလန်းတီးပင်လယ်အော်ထဲက အက်ကွဲကြောင်းရဲ့ အရွယ်အစားက ကျွမ်းကျင်သူတွေကို အံ့သြသွားစေပြီး ကျွမ်းကျင်သူတဦးက တော်တော်ကို ကြီးမားထူးခြားတဲ့ အက်ကွဲကြောင်းကြီး အဖြစ် ရည်ညွှန်းထားပါတယ်။ ကောင်းကင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ အက်ကွဲကြောင်းကြီးရဲ့ အရွယ်အစားကို မြင်ရပြီး ဒီအက်ကြောင်းကြီးကို လယ်တောထဲမှာ ပထမဦးဆုံး တွေ့ရှိခဲ့တာပါ။ မြေကျွံပေါက်အက်ကွဲကြောင်းကြီးက အရှည် ၂၀၀ မီတာရှိပြီး အကျယ် ၃၀ မီတာရှိကာ နွားနို့ညှစ်တဲ့ လယ်တော အလုပ်သမားတဦးက ဦးဆုံးရှာတွေ့ခဲ့တာပါ။ လယ်တောမန်နေဂျာ ကိုလင်းထရီမိန်းက နေထွက်လာချိန်အထိ မြေကျွံပေါက်အက်ကွဲကြောင်းကြီး ဘယ်လောက်ကြီးတယ်ဆိုတာ သူမသိဘူးလို့ နယူးဇီလန် တီဗီကွန်ရက် နယူးဟက်ဘ်ကို ပြောပါတယ်။ သိပ္ပံပညာရှင် ဘရက်ဒ်စကော့တ်ကလည်း သူမြင်ဘူးသမျှ မြေတွင်းတွေထက် ၃ ဆ ကြီးတယ်လို့ ပြောလိုက်ပြီး “ဒီမြေတွင်းကြီးက တော်တော့်ကို ထူးခြားပါတယ်။ ကျနော်တွေ့ ဖူးသမျှတွေထက် ၃ ဆ ပိုကြီးတယ်။ မြေတွင်းကြီးရဲ့ အောက်ခြေက မီးတောင်ဝကနေ ထွက်လာတဲ့ မူလအစ နှစ်ပေါင်း ၆ သောင်းကြာ မီးတောင်ဟောင်းရဲ့ အလွှာဖြစ်နေတယ်” လို့ ပြောပါတယ်။ မြေတွင်းကြီးက အဲဒီနေရာမှာ မိုးအကြီးအကျယ်ရွာပြီးတဲ့နောက် ပွင့်လာပြီး မစ္စတာထရီမိန်းကတော့ မြေကျွံပေါက်ကြီးထဲ မကျွံကျအောင် အဲဒီနေရာ တဝိုက်ကို ခြံစည်းရိုးခတ်မယ်လို့ ပြောကြောင်း မေရာသတင်းမှာ မေလ ၄ ရက်နေ့က ဖော်ပြထားပါတယ်။
4 years Ago
Up