အကဲခတ်လေ့လာမည်

July 6, 2020

လာမည့်ရွေးကောက်ပွဲကို အကဲခတ်လေ့လာမည်ဟု လူ့အခွင့်အရေးကော်မရှင်ပြော

လာမယ့်ရွေးကောက်ပွဲကို အကဲခတ်လေ့လာသွားမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဆိုပါတယ်။ နိုဝင်ဘာ ၈ ရက်မှာလုပ်မယ့်ရွေးကောက်ပွဲကို ကြိုဆိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲတွေဟာ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသလို မဲပေးပိုင်ခွင့်ရှိသူအားလုံး လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့်ရရေး၊ ရွေးကောက်ပွဲရလဒ်တွေဟာ ပြည်သူတွေရဲ့ ဆန္ဒနဲ့ တထပ်တည်းဖြစ်စေလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒီနေ့ ထုတ်ပြန်လိုက်တာပါ။ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရရေးအတွက် မဲရုံတွေ၊ အခင်းအကျင်းတွေဟာ လုံခြုံပြီး သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းသူတွေ၊ သန်စွမ်းသူတွေ အားလုံးအတွက် အဆင်ပြေ လွယ်ကူစေမယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။ မဲပေးတာဟာ နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်သလို မဲပေးပိုင်ခွင့်ရှိသူအားလုံးဟာ သူတို့ရဲ့ စိတ်ဆန္ဒအတိုင်း လွတ်လွတ်လပ်လပ်မဲပေးပိုင်ခွင့်ရှိရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ လွှတ်တော် အသီးသီးအတွက် ပါတီစုံရွေးကောက်ပွဲတွေကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
1 year Ago
Up