အကူအညီ လိုအပ်

May 23, 2020

မှော်ဘီရောက် ပလက်ဝစစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ စာဖြူစုအရပ်မှာ ရောက်ရှိနေထိုင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ဘေးရှောင်မိသားစု ၁၀ စုကျော် လူဦးရေ ၅၇ ယောက်ကျော်ဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စားဝတ်နေရေးအတွက် စေတနာရှင်အချို့က ထောက်ပံ့တာတွေ ရှိပေမယ့် မလုံလောက်သည့်အခြေအနေဖြစ်နေပြီး ဆန်နဲ့စားသောက်ကုန်မှာ အခုလကုန်အထိသာကျန်ပြီး ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးအတွက် အဟာရပြည့်ဝမှုရရှိဖို့ စိုးရိမ်ရတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။ အဲဒီစစ်ဘေးရှောင်တွေဟာ Covid - 19 ကပ်ရောဂါကာလမတိုင်မီ အချိန်ကတည်းက ရောက်ရှိနေပြီး ၃ လကျော်ရှိနေပြီဖြစ်ကြောင်း၊ ပလက်ဝဒေသကနေ စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိဖို့ ရှိပေမဲ့ သွားလာရေးအခက်အခဲနဲ့ နေထိုင်ရေး အခက်အခဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်ပလက်ဝဒေသတဝိုက်မှာ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်ကြား ၂၀၁၉ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ပလက်ဝဒေသခံတွေ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာပါ။ Photo - JPaing / MPA
11 months Ago

May 10, 2020

ဘူးသီးတောင်မြို့ ရွှေကျင်ဘုန်းကြီးကျောင်းရှိ စစ်ရှောင် ၂၀၀ ကျော် အကူအညီ လိုအပ်နေ‌

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ ရွှေကျင်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးခိုလှုံနေတဲ့ ကော်မြိုင်ကျေးရွာသား ၂၀၀ ကျော် စားနပ်ရိက္ခာအကူအညီ လိုအပ်နေကြတယ်လို့ ရွှေကျင်ကျောင်း ဒုတိုက်အုပ်ဆရာတော် ဦးနာယက မိန့်ပါတယ်။ သူတို့ ပြေးလာကြတော့ ဘာမှကို မပါလာကြဘူး။ အဝတ်တထည် ကိုယ်တခုနဲ့ ပြေးလာခဲ့ကြတယ်။ လိုအပ်နေတာတွေကတော့ စားနပ်ရိက္ခာ၊ အဝတ်အထည်က အစပေါ့၊ ဆန်ကတော့ လူကယ်ပြန်က လာပေးတယ်။ နောက် စားသောက်ဖွယ်ရာတွေ လိုအပ်နေတယ်။" အဆိုပါ ကံ့ကော်မြိုင်ကျေးရွာသားတွေဟာ ကျေးရွာအနီး မေယုတောင်တန်းမှာ ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းလောက်က တပ်မတော်နဲ့ အေအေ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလို့ ရွာလုံးကျွတ် ထွက်ပြေးလာကြတာပါ။ ကံ့ကော်မြိုင်ကျေးရွာကနေ ထွက်ပြေးလာတဲ့ ဦးမောင်ညွန့်သာက “ကျနော်တို့က ယနေ့အထိ ရွာကို မပြန်နိုင်သေးဘူး။ ရွာမှာ ကျွဲ၊ နွားတွေ ဒီအတိုင်းကျန်ခဲ့တာ။ အခုဘယ်လို အခြေအနေရှိလဲ မသိဘူး။ နောက်ထပ်တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်လို့ ရွာမပြန်ရဲဘူး။” ရွှေကျင်ဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံမှာ ကံ့ကော်မြိုင်ကျေးရွာက အိမ်ထောင်စု ၆၀၊ လူဦးရေ  ၂၀၀ ကျော် စစ်ဘေးခိုလှုံနေပြီး အကူအညီတွေ လိုအပ်နေတာပါ။ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြတဲ့ လူဦးရေ စုစုပေါင်း ၁၃၀၀၀ ကျော်ဟာ ဘူးသီးတောင်မြို့နယ်က စစ်ဘေးရှောင်စခန်း ၄ ခုမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။ လင်းလက်
11 months Ago
Up