အကူအညီ လိုအပ်

July 31, 2018

ကရင်ပြည်နယ် ဝေးလံခေါင်းပါးဒေသက ရေဘေးသင့်ပြည်သူများ အကူအညီလိုအပ်နေ

ကရင်ပြည်နယ်အတွင်း ဝေးလံခေါင်းပါးပြီး သွားလာရခက်ခဲတဲ့ဒေသက ရေဘေးသင့်ပြည်သူတွေ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတဲ့အတွက် ပရဟိတအလှူရှင်တွေအနေနဲ့ ပံ့ပိုးကူညီပေးဖို့  ကရင်နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီး စောချစ်သူက တိုက်တွန်းပါတယ်။ ဇူလိုင်၂၂ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အတွက် ကရင်ပြည်နယ်အတွင်းက မြို့နယ်တွေ အားလုံးလိုလိုမှာ ရေကြီးမှုနဲ့ ကြုံတွေ့နေရပြီး ထောင်သောင်းချီတဲ့ ဒေသခံတွေ ရေဘေးဒုက္ခခံစားနေကြရတာပါ။ ကယ်ဆယ်ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ခက်ခဲတဲ့ဒေသတွေ ဆီသွားရောက် ကူညီလှူဒါန်းတာမရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ စားသောက်ရေးနဲ့ သောက်သုံးရေ အခက်အခဲတွေ ရှိနေတယ်လို့ ကော့ကရိတ်မြို့နယ်၊ ကော့ပလံကျေးရွာကို ရေဘေးကယ်ဆယ်ရေး လာရောက်တဲ့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူက ပြောပါတယ်။ “ဒီလိုနေရာမျိုးကိုတော့ များသောအားဖြင့် တော်ရုံတန်ရုံလူ မရောက်နိုင်ဘူးလေ။ မရောက်နိုင်တဲ့အတွက်ကြောင့် ဘာလဲဆိုတော့ ဆက်သွယ်ရေး အဘက်ဘက်ကလည်း တော်တော်ခက်ခဲတာကို။ တော်ရုံတန်ရုံ မရောက်နိုင်ဘူး။ အခုပြောရမယ်ဆိုရင် တပတ် ၁၀ ရက်လောက်ရှိပြီ။ ခုမှ ကျနော်တို့ ရောက်တယ်ဆိုတော့လည်း ကူညီကယ်ဆယ်တဲ့ အပိုင်းမှာတော့ နည်းနည်းအားနည်းချက် အများကြီး ရှိနေပါသေးတယ်” ကော့ကရိတ်မြို့နယ်၊ ကော့ပလံဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ဆရာတော် ဦးခေမာစာရက "တနိုင်ငံလုံးဖြစ်နေတော့ ဂရုမစိုက်အားကြဘူးလားတော့ မသိဘူးထင်တာပဲ။ တနိုင်ငံလုံးဆိုတော့။ ဟိုကလည်းဖြစ်တယ်။ ဒီကလည်းဖြစ်တယ်ဆိုတော့ ဦးဇင်းတို့လို တောရွာတွေမှာက ပိုပြီးတော့ အာရုံစူးစိုက် မှုနည်းမှာပေါ့။ တတ်နိုင်ရင် ပရဟိတအဖွဲ့တွေ ပေါတာနဲ့ သူတို့လည်းဝိုင်းကူ အဓိက ကတော့ ဒီအဖွဲ့ တွေ မျှော်လင့်ကြတာပေါ့။ သူတို့ကပဲ ပံ့ပိုးမှုရတာကို “လို့ မိန့်ကြားပါတယ်။ ဘားအံမြို့နယ်၊ မုက္ကဒိကျေးရွာ၊ ဦးစောသာမြင့်က “သွားလာခက်ခဲပြီးတော့ အိမ်ပေါ်မှာပဲနေပြီးတော့ ထမင်း ဟင်း ချက်စားနေရတယ်။ ရှိသမျှနဲ့ပဲ ဆန်မျှပြီး စားနေရတယ်။ အလှူရှင်မလာဘူးဆိုရင် ဆန်စပါး မရှိတဲ့အိမ် ဆွေမျိုးရှိတဲ့အိမ်မှာ သွားတောင်းစားပြီးတော့ နောက်မှပြန်ပြီးတော့ ပေးဆပ်ရတယ်”လို့ ပြောပါတယ်။ အဆိုပါကျေးရွာက ရေဘေးသင့်နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ကျောင်း သူ ၄၀၀ ကျော်နဲ့ ကျေးရွာ အိမ်ထောင်စု ၁၀၀ ကျော်အတွက် ဆန်အိတ် ၂၀၀ အိတ်၊ ဆီပုံးဝါ ၃၀ ပုံး၊ အာလူး ၃၁ အိတ်၊ မားမား ခေါက်ဆွဲခြောက်  ၅၀ ဖာ၊ ကြက်သွန်နီ/ဖြူ ၅ အိတ်၊ ရေသန့်ကဒ် ၅၀၀ ကဒ်၊ မုန့်မျိုးစုံ ၃၀ ဖာ၊ အချို့မုန့်၊ ပဲငပိတွေကို လှူဒါန်းခဲ့ပါတယ်။ ဇူလိုင် ၂၈ ရက်က စတင်ပြီး  ဗိုလ်မှူးကြီး စောချစ်သူ ခေါင်းဆောင်ပြီး ဘားအံမြို့ပေါ် ရေဘေးကယ်ဆယ်ရေးစခန်း၊ ဘားအံမြို့နယ်​၊ လှိုင်းဘွဲ့မြို့နယ်နဲ့ ကော့ကရိတ်မြို့နယ်က ဝေးလံခေါင်းပါးတဲ့ ကျေးရွာ​တွေထိသွား​ရောက်​ပြီး ဒေသခံပြည်သူတွေကို ငွေကျပ် သိန်း ၁ ထောင်နဲ့ ဆန်အိတ် ၆၀၀ အိတ်၊ ဆီပုံးဝါ ၁၀၀ ပုံး၊ အားလူး ၁၀၀ အိတ်၊ မားမား ခေါက်ဆွဲခြောက် ၂၅၀ ဖာ၊ ကြက်သွန်နီ/ဖြူ ၅၀ အိတ်၊ ရေသန့်ကတ် ၁၅၀၀ ကတ်၊ မုန့်မျိုးစုံ ၉၀ဖာ၊ စားသောက်ဖွယ်ရာတွေကို လှူဒါန်းခဲ့ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့ထိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ မြ၀တီ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွေက ရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၄၀ မှာ အိမ်ထောင်စု ၂၆၀၀ ကျော်၊ လူဦးရေ ၁၃,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်ရှိခိုလှုံနေရတယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန စာရင်းအရ သိရပါတယ်။ ရဲမင်းခေါင်
3 years Ago

April 23, 2017

လေပြင်းကျရောက်မှုကြောင့် ဂန့်ဂေါမြို့နယ်တွေ အရေးပေါ်အကူအညီ လိုအပ်

မကွေးတိုင်းဒေသကြီးအတွင်း ဧပြီ ၂၂ ရက်နေ့ ညနေပိုင်းက တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ဂန့်ဂေါ၊ ပခုက္ကူ၊ မင်းဘူး၊ စလင်း စတဲ့ မြို့နယ်တွေမှာ လူနေအိမ်၊ စာသင်ကျောင်းတွေနဲ့ သာသနိကအဆောက်အဦတွေ ပျက်စီးဆုံးရှုံးမှုတွေ ကြုံခဲ့ရပါတယ်။ တစ်တိုင်းလုံးမှာ ဂန့်ဂေါမြို့နယ်က ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ပေါ်ခဲ့ပြီး ရပ်ကျေး ၁၆ ခုက လူနေအိမ် ၂၄၀၊ ဘုန်းကြီးကျောင်း ၅ ကျောင်းနဲ့ အခြား ၁၈ ခု၊ ပညာရေးဝန်ထမ်းအိမ်ရာ အမိုး ၂ ခု လေလန်ပျက်စီးခဲ့ပြီး စုစုပေါင်းဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်း ၄၀၀ နီးပါးထိရှိတယ်လို့ သိရပါတယ်။ “စာရင်းတွေတိတိကျကျရအောင် လိုက်ကောက်ပြီးတင်ခိုင်းထားတယ်။ ခုထိတော့ အသေးစိတ်ရောက်မလာသေးဘူး။ ကြားရတဲ့သတင်းတွေကတော့ ဂန့်ဂေါက အများဆုံးပါ။ အဲဒါနဲ့ပတ်သက်ပြီး တိုင်းဒေသကြီး သဘာဝဘေးဒဏ် အရေးပေါ်ရန်ပုံငွေထဲကနေ ကူညီဆောင်ရွက်ပေးသွားမယ်။ ဂန့်ဂေါကတော့ လူအသေအပျောက်မရှိပေမယ့် အခြားနေရာတွေမှာတော့ ရှိတယ်လို့ ကြားတယ်။ သတင်းစာရင်းတော့ မရောက်လာသေးဘူး။ လူမှုရေးဝန်ကြီးကလည်း ခရီးသွားနေတယ်။ ပြန်မရောက်သေးဘူး။” လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီး ဦးမြင့်ဇော်က ဒီဗွီဘီကိုပြောပါတယ်။ မိုးသက်လေပြင်းကျရောက်ခဲ့မှုကြောင့် ဒေသခံတွေမှာ မိုးကာအပါအဝင် အခြားအကူအညီတွေလည်း အရေးပေါ်လိုအပ်နေပါတယ်။ ဘေးဒဏ်ခံခဲ့ရတဲ့ နေရာတွေကို မြို့နယ် ရဲတပ်ဖွဲ့၊ မီးသတ်၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကူညီတာတွေပြုလုပ်ခဲ့ကြပါတယ်။ “အစ်မတို့ အခု ဘေးဒဏ်ခံခဲ့ရတဲ့ ရွာတွေကိုသွားရောက်ပြီး ကွင်းဆင်းစစ်ဆေးတာတွေလုပ်နေတယ်။ အများဆုံး လူနေအိမ်တွေပျက်စီးတယ်။ ဘုန်းကြီးကျောင်းတွေလည်းပါတယ်။ စာသင်ကျောင်းတွေလည်း တော်တော်ပျက်စီးတယ်။ လူအသေအပျောက်တော့မရှိဘူး။ လောလောဆယ်တော့ စာရင်းအတိအကျရအောင် ကောက်ယူနေတုန်းပဲ။ ဒီဟာနဲ့ပတ်သက်ပြီး လိုအပ်တဲ့ အကူအညီတွေရရှိအောင် ဆက်လက်ဆောင်ရွက်သွားမယ်” လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်က ဒီဗွီဘီကိုပြောပါတယ်။ ဂန့်ဂေါမြို့နယ်မှာ ခုနောက်ပိုင်း သဘာဝဘေးဒဏ်တွေကို အရင်ကထက် ပိုမိုခံစားလာနေရတာပါ။ သစ်တောတွေ ပြုန်းတီးလာတဲ့အတွက် မိုးခေါင်တာ၊ လေပြင်းကျတာ၊ ရေကြီးတာ၊ ပူပြင်းခြောက်သွေ့တာတွေကို ပိုမိုခံစားလာနေရတာပါ။ ပြီးခဲ့တဲ့နှစ်တွေက ဂန့်ဂေါမြို့က စံချိန်တင်တဲ့အထိ အပူချိန်တွေ မြင့်တက်ခဲ့ပါသေးတယ်။ သဘာဝဘေးဒဏ်တွေက သစ်တောပြုန်းတီးမှုရဲ့ အကျိုးဆက်တွေဖြစ်ပြီး ဆက်လက်လျော့ပါးလာအောင် ရှိပြီးသားသစ်တောတွေကို စနစ်တကျ ထိန်းသိမ်းတာ၊ အသစ်ပြုစုပျိုးထောင်တာတွေကို အလျင်အမြန်လုပ်ဖို့လည်း လိုအပ်နေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။
4 years Ago
Up