အကူအညီလိုအပ်

December 26, 2020

ကျောက်တော် မဟာမုနိစခန်းက စစ်ဘေးရှောင်များအတွက် အကူအညီလိုအပ်နေ (ဓာတ်ပုံ)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားအနီးရှိ မဟာမုနိစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်ဒုက္ခသည်တွေအတွက် နေအိမ်နဲ့ အိမ်သာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။ စခန်းတာဝန်ခံက “ဒီစခန်းက သိပ်လည်းမကြာသေးတော့ စစ်ဘေးရှောင်တွေအကုန်လုံးကို နေရာချထားပေးဖို့ နေအိမ်တွေ လိုအပ်နေပါသေးတယ်။ လူကလည်း တအားများတော့ အိမ်သာကလည်း လိုအပ်နေပါတယ်”လို့ ရှင်းပြပါတယ်။ ဒီစစ်ဘေးရှောင်စခန်းမှာ အလယ်ကျွန်း၊ ကျောက်ဂူစု၊ ရွှေပြည်၊ မာလာ၊ နာဂရာ၊ သာစည်၊ မျောက်တောင် စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်အိမ်ထောင်စု ၄၇၀၊ လူဦးရေ စုစုပေါင်း ၂၀၁၅ ဦး ခိုလှုံနေကြတာဖြစ်ပါတယ်။‌ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ဒီရာသီက ဒီဘက်မှာ တအားအေးပါတယ်။ ကလေးအများစုက အနွေးထည်တွေ မရှိကြသေးပါဘူး။ ဟိုနေ့ကတော့ လူကြီး ၂ ယောက်အတွက် တစ်ယောက်တစ်ထည်စီ လာပေးပါတယ်။ ကလေးတွေအတွက်တော့ မပါလာပါဘူး။ ကလေးတွေအတွက် အနွေးထည်တွေ လိုအပ်နေပါတယ်” လို့ ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၂ သိန်းနီးပါးရှိနေပြီး ကလေးငယ်အများအပြား ပါဝင်ကာ အများစုမှာ ဆောင်းရာသီအတွက် အနွေးထည်တွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်စခန်းတွေက ဆိုပါတယ်။ Photo - Kaung Mrat Naing / MPA
5 months Ago

May 12, 2020

မလေးရှားတွင်ထောင်ကျပြီး ပြန်လာသူများ Quaratine ဝင်နေစဉ် အဝတ်အစားအကူအညီ လိုအပ်နေ

မလေးရှားနိုင်ငံမှာ ထောင်ကျပြီး မေလ ၁၁ ရက် ညပိုင်းက ပြန်လည်ရောက်ရှိလာသူတွေကို ပုသိမ်တက္ကသိုလ်မှာ ထားရှိရာမှာ Facility Quaratine ဝင်နေသူတွေ အဝတ်အစား အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။ မလေးရှားနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ထောင်ကျ ခဲ့ရာက  နှစ်နိုင်ငံအစိုးရညှိနှိုင်းမှုနဲ့ ပြန်ပို့တာကြောင့် မေလ ၁၁ ရက် နေ့လည်ပိုင်းက ရန်ကုန်ပြန်လည်ရောက်ရှိလာပြီး ဒီအထဲက ဧရာဝတီတိုင်းမှာနေထိုင်သူတွေက  ညပိုင်းမှာ ပုသိမ်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့တာပါ။  Facility Quaratine မှ စေတနာဝန်ထမ်း ကိုကျော်ကျော်မင်းက  "သူတို့အတွက် အဓိကတော့ အဝတ်အစားတွေ လိုနေတာ။ ကျန်တာတွေကတော့ ဒီမှာအားလုံး စီစဉ်ပေးထားပါတယ်၊ သူတို့က ထောင်ကျပြီး ပြန်ပို့ခံရတာဆိုတော့ အဝတ်အစားတွေ ပါမလာ ကျတော့တာ အဲ့တာကြောင့် လိုနေတာပါ၊ ကျနော်တို့လည်း အလှူတော့ ခံထားပါတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။ မလေးရှားနိုင်ငံကနေ ပြန်လာသူ အမျိုးသား ၁၇ ဦးနဲ့ အမျိုးသမီး ၁ ဦး စုစုပေါင်း  ၁၈ ဦးရှိပြီး  အများစုက ငပုတော၊ မြန်အောင်နဲ့ ပန်းတနော်မြို့နယ်က ဖြစ်ပါတယ်။ သူတို့ ၁၈ ဦးဟာ မြန်မာနိုင်ငံနဲ့ မလေးရှား နှစ်နိုင်ငံညှိနှိုင်းပြီး မေလ ၁၁ ရက်နေ့က စင်လုံးငှားအထူးလေယာဉ် ၂ စီးနဲ့ ပြန်ပို့တဲ့ ၃၉၁ ဦးနဲ့အတူ ပါဝင်လာတာဖြစ်ပါတယ်။ မေလ ၃ ရက်နေ့က တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ နယ်စပ်ကြား ကြံနဲ့ ဖရဲစိုက် ရွှေ့ပြောင်းလုပ်သားတွေ မိုင်းယန်းဂိတ်ကတဆင့် ပြန်လည်ဝင်ရောက်လာ ၁၀၉ ဦးကို လည်း ဧရာဝတီတိုင်းအစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် စောင့်ကြည့်ရေးစခန်းတွေမှာ ၂၁ ရက်စောင့်ကြည့် နေပါတယ်။ သတင်း- မင်းထက်မုန်း (ပုသိမ်)
1 year Ago
Up