အကူအညီတောင်းခံ

September 22, 2020

စပိန်တွင် ကိုဗစ်-၁၉ ကူးစက်မှု တရှိန်ထိုးမြင့်တက်လာသဖြင့် စစ်တပ်ကို အကူအညီတောင်းခံ

စပိန်နိုင်ငံ  မြို့တော် မက်ဒရစ်နဲ့ အနီးဝန်းကျင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တရှိန်ထိုး မြင့်တက်လာတာကို တိုက်ဖျက်ဖို့ မက်ဒရစ်ဒေသန္တရ အစိုးရ အကြီးအကဲက စက်တင်ဘာ ၂၁ ရက်မှာ စစ်တပ်အကူအညီကို တောင်းခံလိုက်ပါတယ်။ ဒေသန္တရအာဏာပိုင်တွေက ဆင်းရဲသား ရပ်ကွက်တချို့မှာ အသွားအလာ ကန့်သတ်ချက် တစိတ်တပိုင်း လော့ဒေါင်းချခဲ့ပြီးနောက် သီတင်းပတ်ကုန်ရက်တွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ပိုးသတ်ဆေးဖျန်းဖို့နဲ့ ဒေသခံရဲတပ်ဖွဲ့ကို အားကောင်းစေဖို့ စစ်တပ်အကူအညီ လိုအပ်တယ်လို့ မက်ဒရစ် ဒေသန္တရ အစိုးရ အကြီးအကဲ အစ္စဘယ်ဒီယက်ဇ်ဒါယူဆိုက သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။ စပိန်ရဲ့  ကိုရိုနာဗိုင်းရပ်စ် အဆိုးဆုံး ကူးစက်ခံရတဲ့ဒေသမှာ ကူးစက်ခံရမှု လျှော့ချဖို့ စပိန်ဝန်ကြီးချုပ် ဆန်းချက်နဲ့လည်း  ဒါယူဆိုက တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ် ကူးစက်နှုန်း ကျဆင်းခဲ့ပြီးနောက် ပြန်ဖြုတ်သိမ်းခဲ့တဲ့ ယာယီဆေးရုံတွေကို သုံးလခန့်အကြာမှာ ဒါယူဆိုက ပြန်တည်ဆောက်ပေးဖို့ တောင်းဆိုပါတယ်။  ဆွေးနွေးပွဲအတွင်း စပိန်ဝန်ကြီးချုပ်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့အင်အား အရွယ်အစားကို ဗဟိုနဲ့ ဒေသဆိုင်ရာ အစိုးရတွေက ဆုံးဖြတ်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။ လူ ၈ သိန်းခွဲလောက် နေထိုင်တဲ့ဒေသတွေမှာ ဒါဆူယိုအစိုးရက အသွားအလာ ကန့်သတ်ခဲ့ပြီး ခွဲခြားဆက်ဆံတယ်ဆိုတဲ့ ဝေဖန်ချက်တွေနဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဒေသမှာရှိတဲ့ လူ ၁ သိန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၀၀၀ ကျော်ထိ အချိုးရှိတာမို့  တစိတ်တပိုင်း လော့ဒေါင်းချရတယ်လို့ မက်ဒရစ် အာဏာပိုင်တွေက ပြောပါတယ်။  လတ်တလောမှာ စပိန်နိုင်ငံအတွင်း နေ့စဉ် အသစ်ကူးစက်ခံ လူအယောက် ၁၀,၀၀၀ ကျော်နေပြီး စုစုပေါင်း ကူးစက်ခံအတည်ပြု လူနာ ၆၄၀,၀၀၀ ကျော် ရှိနေပါတယ်။
8 months Ago
Up