အကန့်အသတ်မရှိ

March 6, 2020

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ကစားသမားချင်း လက်ဆွဲမနှုတ်ဆက်ရန် ပရီးမီးယားလိဂ် ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတခုအနေနဲ့ ပရီးမီးယားလိဂ်အသင်းတွေဟာ ပွဲမစခင် လက်ဆွဲနှုတ်ဆက်မှု ပြုလုပ်တာကို အကန့်အသတ်မရှိ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။  ဒီဆုံးဖြတ်ချက်ဟာ  ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ပြင်ဆင်မှုပြုလုပ်ထားဖို့ လိဂ်တာဝန်ရှိသူတွေကို အစိုးရဘက်က တိုက်တွန်းလိုက်ပြီး နောက်နေ့မှာ ပေါ်ပေါက်လာတာပါ။ ထွက်ပေါ်လာတဲ့ ကန့်သတ်ချက်အသစ်ကြောင့် ပွဲမကစားခင် အသင်းတွေဟာ ကွင်းလယ်မှာ တန်းစီခြင်းကို ပုံမှန်အတိုင်း လုပ်ဆောင်သွားမှာဖြစ်ပေမယ့် အိမ်ရှင်အသင်းက ဧည့်သည်အသင်းသားတွေကို လက်ဆွဲနှုတ်ဆက်ခြင်းမလုပ်ဘဲ ဖြတ်ကျော်သွားမှာဖြစ်ပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့နိုင်ငံပေါင်း ၈၇ နိုင်ငံမှာ ပျံ့နှံ့နေပြီး ကူးစက်မှုပေါင်း ၉၈၀၀၀ ကျော်အထိ ရှိနေပြီ ဖြစ်ပါတယ်။  “ပရီးမီးယားလိဂ်မှာပြုလုပ်နေတဲ့ ကစားသမားတွေနဲ့ ပွဲတာဝန်ရှိသူတွေအကြား လက်ဆွဲနှုတ်ဆက်တာကို အခုသီတင်းပတ်ကုန်ပိုင်းကနေစပြီး နောက်ထပ်ကြေညာချက် မထွက်ပေါ်လာခင်အထိ ရပ်ဆိုင်းတော့မယ်” လို့ ပရီးမီးယားလိဂ်ဝက်ဆိုဒ်မှာ တင်ထားတဲ့ ထုတ်ပြန်ချက်တစောင်မှာ ရေးသားထားပါတယ်။  ကိုရိုနာဗိုင်းရပ်စ်ဟာ နှာခေါင်းနဲ့ပါးစပ်တို့ကနေ ထွက်ပေါ်လာတဲ့ အရည်ကနေ ပျံ့နှံ့တာဖြစ်ပြီး လက်ကနေ ကူးစက်နိုင်ကာ လက်ဆွဲနှုတ်ဆက်ခြင်းကနေ တဆင့်လည်း ပျံ့နှံ့နိုင်တယ်လို့ ဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။  ဒီကြေညာချက်မတိုင်ခင် ပရီးမီးယားလိဂ်အသင်းတွေဘက်ကလည်း ဗိုင်းရပ်စ်ပျံ့နှံ့မှုအပေါ် ကြိုတင်ပြင်ဆင်မှုတွေ အသီးသီးလုပ်ဆောင်ခဲ့ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ လီဗာပူးက “အန်ဖီးလ်ကွင်းမှာ လာဘ်ကောင်းအရုပ်တွေကို ထားတော့မှာမဟုတ်ဘူး” လို့ကြေညာပါတယ်။  ဒါ့အပြင် အသင်းဝန်ထမ်းတွေကိုလည်း ကူးစက်မှုမြင့်မားနေတဲ့နိုင်ငံတွေဆီ ခရီးသွားခြင်းကို ပိတ်ပင်ခဲ့ကာ တကိုယ်ရေ  သန့်ရှင်းမှုကို ဂရုစိုက်ဖို့ သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။  အန်ဖီးလ်ကွင်းအတွင်း လက်ဆေးရည်တွေ ထားရှိသွားမှာဖြစ်ပြီး တကိုယ်ရေးသန့်ရှင်းမှုနဲ့ပတ်သတ်တဲ့ သတိပေးပိုစတာတွေကိုလည်း  ချိတ်ဆွဲထားမယ်လို့ပြောပါတယ်။  လီဗာပူးအပြင် နယူးကာဆယ်အသင်းနည်းပြ စတိဗရုစ်ကလည်း နယူးကာဆယ်အသင်းသားတွေ မနက်တိုင်းဆောင်ရွက်နေကြ အချင်းချင်း လက်ဆွဲနှုတ်ဆက်တဲ့အစဉ်အလာကို ရပ်နားထားမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်မှာပြောခဲ့ပါတယ်။  ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မိုယတ်စ်ကလည်း အသင်းသားတွေကို  လက်ဆွဲနှုတ်ဆက်ခြင်းအစား လက်သီးချင်းထိပြီး နှုတ်ဆက်တဲ့နည်းလမ်းကို ပြောင်းလဲ အသုံးပြုစေမယ်လို့ ပြောပါတယ်။  ဆောက်သမ်တမ်အသင်းက ကစားသမားတွေကို  ပရိသတ်တွေအတွက်လ လက်မှတ်ထိုးပေးတာ၊ ဓာတ်ပုံတွဲရိုက်တာတွေ မလုပ်ဖို့ တားမြစ်ထားပါတယ်။  လိဂ်ဝမ်းကလပ် ဆန်းဒါးလန်းအသင်းဆိုရင် လာမယ့်အားလပ်ချိန်မှာ နိုင်ငံခြားခရီးမထွက်ဖို့ ကစားသမားတွေကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။ 
1 year Ago
Up