အကစွမ်းရည်

August 3, 2018

America’s Got Talent ပြိုင်ပွဲတွင် အံ့ဖွယ်အကစွမ်းရည် ပြသခဲ့သည့် ၇၁ နှစ်အရွယ် အဘွားအို (ရုပ်သံ)

နာမည်ကျော် စွမ်းရည်ပြပြိုင်ပွဲတခုဖြစ်တဲ့ America’s Got Talent ပြိုင်ပွဲမှာ အသက် ၇၁ နှစ်အရွယ်ရှိ အဘွားအိုတဦးက သူ့ရဲ့ အကစွမ်းရည်ကို ပြသနိုင်ခဲ့ပြီး ဒိုင်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ကွင်းဘိုမီလီယာ အမည်ရတဲ့ အဲဒီအဘွားအိုဟာ ထိုင်းနိုင်ငံ ကျေးလက်ရွာတရွာကဖြစ်ပြီး ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကန်နိုင်ငံမှာ နေထိုင်တာ ၅၅ နှစ်နီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ အခု America’s Got Talent ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အကကို လေ့ကျင့်ခဲ့တာ ၁၀ နှစ်လောက်ရှိခဲ့ပြီလို့ ဆိုပါတယ်။ ကွင်းဟာ ဗြိတိန်အဆိုတော် Fleur East ရဲ့ Sax အမည်ရတဲ့ သီချင်းနဲ့ အကစွမ်းရည် ပြသခဲ့တာဖြစ်ပြီး သူနဲ့အတူ အသက် ၃၅ နှစ်အရွယ် အမျိုးသား မီရှာဗလာဆော့ဗ်နဲ့ တွဲဖက်ဖျော်ဖြေခဲ့တာပါ။ သူက ခုလိုဖျော်ဖြေကပြနိုင်ဖို့၊ အိပ်မက်တွေနောက် လိုက်နိုင်ဖို့ ထိုင်းကျေးလက်ဒေသမှာ နေထိုင်ခဲ့တဲ့ အချိန်တွေမှာ အားပေးစောင့်ရှောက်ခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ သူ့ရဲ့ ဖျော်ဖြေမှုအပေါ် ဒိုင်တဦးဖြစ်တဲ့ ဟေဒီကလမ်ကတော့ “ရှင်က တကယ်ကို အားကျစရာကောင်းတဲ့သူ။ တကယ့်ကို အံ့သြစရာ အမျိုးသမီးတယောက်လို့ ထင်ပါတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။ နာမည်ကြီးဒိုင် နောက်တဦးဖြစ်တဲ့ ဆိုင်မွန်ကောင်းဝဲလ်ကတော့ “ခင်ဗျားရဲ့ အကောင်းမွန်ဆုံး အစိတ်အပိုင်းက ခင်ဗျားရဲ့ သွင်ပြင်ပါပဲ။ တကယ့်ကို ကောင်းပါတယ်။ ခင်ဗျားက ကျနော်တို့ ရှာဖွေနေတဲ့သူဆိုတာ အတိအကျပါပဲ” လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ဖျော်ဖြေမှု ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေမှုတွေ လုပ်ဆောင်နေကြပြီး ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။ America’s Got Talent ပြိုင်ပွဲရဲ့ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ တင်ထားခဲ့တဲ့ ကွင်းရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော ရေပန်းအစားဆုံး ရုပ်သံတခု ဖြစ်နေပါတယ်။
5 years Ago
Up