အမေရိကန်အစိုးရက ဟွာဝေးနဲ့ မိတ်ဘက်လုပ်ငန်း ၇၀ ကို နာမည်ပျက်စာရင်း သွင်းအပြီး ဂူဂဲလ်လုပ်ငန်းကြီးက ဟွာဝေးနဲ့ဆက်ဆံမှု ဖြတ်တောက်ခဲ့လို့ ဟွာဝေးစမတ်ဖုန်းတွေရဲ့ အန်းဒရိုက်စနစ်တွေ အလုပ်မလုပ်နိုင်ဖြစ်မယ့် အလားအလာနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဒါ့အပြင် ချစ်ပ်စ်နဲ့ ပရိုဂရမ်တွေကို ဒီဇိုင်းထုတ် ရေးဆွဲတဲ့ ဗြိတိန်အခြေစိုက် ARM လုပ်ငန်းကလည်း ဟွာဝေးနဲ့ အဆက်ဖြတ်ခဲ့လို့ ဟွာဝေး တယ်လီကွန်နဲ့ စမတ်ဖုန်းတွေအတွက် အကျပ်ရိုက်ခဲ့တာပါ။
ဒါပေမယ့် ဟွာဝေးဟာ သူ့ထုတ်ကုန်တွေမှာ ထည့်သုံးရမယ့် အန်းဒရိုက်နဲ့ ဝင်းဒိုးစနစ်တွေကို အစားထိုးဖို့ လုပ်ဆောင်ရေးစနစ် (OS) အသစ်အတွက် မူပိုင်ခွင့်ကို မှတ်ပုံတင် လျှောက်ထားခဲ့ပါတယ်။
ဟုန်မာန်လို့ခေါ်တဲ့ ဒီစနစ်သစ်အတွက် စာရွက်စာတမ်းတွေကို တရုတ်အမျိုးသား ဉာဏပစ္စည်း စီမံခန့်ခွဲရေးရုံးမှာ ဒီလအစောပိုင်းက တင်ခဲ့တာ တွေ့ရတယ်လို့ မီဒီယာတွေက မေလ ၂၇ ရက်မှာ ဖော်ပြကြပါတယ်။
ဟွာဝေးဟာ စနစ်သစ်အတွက် အသင့်ဖြစ်ဖို့ အရှိန်အပြည့်နဲ့ အလုပ်လုပ်နေတဲ့ အတည်ပြုချက်ပဲလို့လည်း မီဒီယာတွေက ပြောပါတယ်။
တရုတ်အစိုးရက အမေရိကန်အစိုးရကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံထဲမှာ အမေရိကန်ထုတ် Apple စမတ်ဖုန်းတွေနဲ့ ထုတ်ကုန်တွေကို ပိတ်ပင်တဲ့ ဆုံးဖြတ်ချက်ကို ဟွာဝေးက ဆန့်ကျင်တယ်လို့ ဟွာဝေးဥက္ကဋ္ဌ ရန်ကျန်းဖေးက ဘလွန်းဘာ့ဂ် သတင်းဌာနနဲ့ လူတွေ့မေးမြန်းခန်းမှာ မေလ ၂၇ ရက်က ပြောပါတယ်။
Apple ကို လက်တုံ့ပြန်ဖို့ တရုတ်အစိုးရဆီက ဆော်သြချက်နဲ့ ပတ်သက်ပြီး မေးရာမှာ ရန်က ဒါမျိုး ဘယ်လိုခြေလှမ်းကိုမဆို သူက ဆန့်ကျင်မယ်လို့ ပြောတဲ့အကြောင်း ရိုက်တာသတင်းဌာနက ထုတ်ပြန်ပါတယ်။
ဟွာဝေးရဲ့ လက်ရှိကွန်ရက်တွေနဲ့ လုပ်ငန်းတွေအတွက် ဝန်ဆောင်မှု အနှောင့်အယှက် ဖြစ်တာကနေ ဟန့်တားဖို့ ဟွာဝေးကို အမေရိကန်က ယာယီလိုင်စင် ထုတ်ပေးကောင်း ပေးမယ်လို့ အမေရိကန် စီးပွားရေးဝန်ကြီးဌာန ပြောခွင့်ရက မေလ ၂၇ ရက်မှာ ကြေညာချက်ထုတ်ပြန်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။
လောလောဆယ်မှာတော့ ဗြိတိန်ရဲ့ လူကြိုက်အများဆုံး စမတ်ဖုန်းရောင်းဝယ်ရေး အင်တာနက် စာမျက်နှာတွေထဲက တခုမှာ အမေရိကန်ဒေါ်လာ ၁၁၅၀ တန် Huawei P30 Pro ဖုန်းတလုံးရဲ့တန်ဖိုးဟာ ပိုင်ရှင်က ပြန်ရောင်းခဲ့ရင် အမေရိကန်ဒေါ်လာ ၁၃၀ သာ ရတော့မှာဖြစ်လို့ တန်ဖိုးရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးထိ ဆုံးရှုံးမှာဖြစ်ပါတယ်။
2 years Ago