ဟွမ်ဂွယ်ဒို

July 12, 2019

ဗင်နီဇွဲလားအစိုးရနှင့် အတိုက်အခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ အကြိတ်အနယ်ဖြစ်

ဗင်နီဇွဲလားအစိုးရနဲ့ အတိုက်အခံအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ အကြိတ်အနယ် ဖြစ်နေတယ်လို့ သမ္မတ နီကိုးလပ်စ် မာဒူရိုက ဇူလိုင် ၁၁ ရက်နေ့မှာ ပြောလိုက်ပါတယ်။ နော်ဝေနိုင်ငံက ကျောထောက်နောက်ခံပေးတဲ့ အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုင်ငံမြောက်ပိုင်းက မီရန်ဒါပြည်နယ်မှာ ကြာသပတေးနေ့က ပြုလုပ်ခဲ့တာပါ။ ဗင်နီဇွဲလားရဲ့ နိုင်ငံရေး အကျပ်အတည်း အဆုံးသတ်ဖို့ ဒီအစည်းအဝေးကို ပြုလုပ်တာလို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ အမြဲတမ်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ စကားဝိုင်း တည်ဆောက်ဖို့ အစိုးရနဲ့ အတိုက်အခံအကြား သဘောတူခဲ့တယ်လို့ အစိုးရကိုယ်စားလှယ် အက်တာ ရော်ဒရီဂတ်က ပွဲတက်ရောက်လာသူတွေကို ပြောခဲ့ပါတယ်။ ဒါပေမယ့် အတိုက်အခံဘက်က တောင်းဆိုတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့ပါဘူး။ လက်ရှိမှာ ဗင်နီဇွဲလားနိုင်ငံဟာ စီးပွားရေး အကျပ်အတည်းကြောင့် စားနပ်ရိက္ခာနဲ့ ဆေးဝါးပစ္စည်း ပြတ်လပ်နေပြီး နိုင်ငံသား လေးသန်းကျော်ဟာလည်း ပြည်ပနိုင်ငံတွေကို ထွက်ပြေးခဲ့ကြပါတယ်။ ဗင်နီဇွဲလားသမ္မတ မာဒူရိုက အခုလို ဆိုးရွားတဲ့ အခြေအနေတွေဟာ သူ့ကို ရာထူးက ဖြုတ်ချဖို့ ကြိုးစားတဲ့ အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ်မှု ရလဒ်တွေကြောင့်လို့ ပြောခဲ့ပါတယ်။ အခု ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်က ဒိုမီနီကန်နိုင်ငံမှာ ပြုလုပ်တဲ့ မအောင်မြင်တဲ့ ဆွေးနွေးပွဲလိုမျိုး အဆုံးသတ်ခွင့် မပြုနိုင်ဘူးလို့ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုက ပြောပါတယ်။ အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ဗင်နီဇွဲလားရဲ့ တရားဝင်ခေါင်းဆောင်အဖြစ် နိုင်ငံပေါင်း ၅၀ ကျော်က အသိအမှတ် ပြုထားပါတယ်။
2 years Ago

June 19, 2019

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒို ရန်ပုံငွေအလွဲသုံးစားပြုဟု အစိုးရရှေ့နေ စွပ်စွဲ

ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် ဟွမ်ဂွယ်ဒိုကို ရန်ပုံငွေ မလျော်မကန် အသုံးပြုတယ်ဆိုပြီး အစိုးရရှေ့နေက ဇွန်လ ၁၈ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ အစိုးရရှေ့နေ တဲရစ်ဆာအတ်က ဟွမ်ဂွယ်ဒိုဟာ ကိုလံဘီယာမှာရှိတဲ့ ဗင်နီဇွဲလားတွေကို ရန်ပုံငွေ ထောက်ပံ့နေတယ်ဆိုပြီး စွပ်စွဲလိုက်တာပါ။ ဒီနှစ်ထဲမှာ ဟွမ်ဂွယ်ဒိုအပေါ် သစ္စာခံတဲ့ ဗင်နီဇွဲလားတပ်ဖွဲ့ဝင် ၁၄၀၀ ကျော် ကိုလံဘီယာနိုင်ငံထဲ ထွက်ပြေးခဲ့ပါတယ်။ သမ္မတ မာဒူရိုရဲ့ တပ်ဖွဲ့တွေက လူသားချင်းစာနာတဲ့ အကူအညီပေးရေး ယာဉ်တန်းတွေကို ကိုလံဘီယာနယ်စပ်မှာ မောင်းထုတ်ချိန် ဟွမ်ဂွယ်ဒိုအပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေက ဖေဖော်ဝါရီ နှောင်းပိုင်းမှာ စတင်ရောက်ရှိခဲ့တာပါ။ ဒါပေမယ့်လည်း အတိုက်အခံလွှမ်းမိုးတဲ့ အောက်လွှတ်တော်အကြီးအကဲဟာ   ကိုလံဘီယာနယ်စပ် ကိုကိုတာမြို့မှာ တည်းခိုတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ ဟိုတယ်စရိတ်တွေကို ရန်ပုံငွေ ထောက်ပံ့တယ်ဆိုပြီး PanAm Post သတင်းစာက ပြီးခဲ့တဲ့သီတင်းပတ်မှာ ဖော်ပြပါတယ်။ အဲဒီအစီအစဉ်ကို ဟွမ်ဂွယ်ဒို ကြိုးကိုင်တယ်ဆိုပြီး  အစိုးရရှေ့နေ ဆာအတ်က ပြောပါတယ်။ အဲဒီသတင်းနဲ့ပတ်သက်လို့ စုံစမ်းပေးဖို့ ဇွန်လ ၁၇ ရက်နေ့မှာ ဟွမ်ဂွယ်ဒိုက တောင်းဆိုလိုက်ပြီး စုံစမ်းရေးအတွက် သတင်းအချက်အလက်တွေကို ကိုလံဘီယာ အာဏာပိုင်တွေဆီ လွှဲပေးထားတယ်လို့ သူက မီဒီယာကို ပြောခဲ့ပါတယ်။
2 years Ago
More News
Up