ဟွန်ဒူးရပ်စ်တွင်

December 18, 2017

ဟွန်ဒူးရပ်စ်တွင် လေယာဉ်ပျက်ကျ၊ သမ္မတ၏ ညီမအပါအ၀င် ၆ ဦးသေဆုံး

ဟွန်ဒူးရပ်စ်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ရက်က ရဟတ်ယာဉ် ပျက်ကျခဲ့တဲ့အတွက် သမ္မတ ဟာနန်ဒက်ဇ်ရဲ့ ညီမဖြစ်သူ အပါအ၀င် လူ ၆ ဦး သေဆုံးခဲ့ပါတယ်။ အသက် ၅၁ နှစ်အရွယ် ဟီဒါဟာနန်ဒက်ဇ်ဟာ သမ္မတရဲ့ ရင်းနှီးတဲ့ အကြံပေးတစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ သမ္မတ ရွေးကောက်ပွဲ ကာလနိုင်ငံရေး ပြဿနာထဲမှာ ပါဝင်ခဲ့ပါတယ်။ သူဟာ အရင်ကဆက်သွယ်ရေး ၀န်ကြီးအနေနဲ့လည်း တာဝန်ထမ်းဆောင်ခဲ့ ဖူးပါတယ်။ လေယာဉ်ပျက်ကျမှုနဲ့ပတ်သက်ပြီး မှုခင်းဆေးပညာဌာန အကြီးအကဲက  “အလောင်းတွေကို ပြန်လည်ရရှိပြီး သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည်လွှဲအပ်လိုက်တာက အရေးကြီးဆုံးလို့ ထင်ပါတယ်။ ဒါဟာ အဖြစ်ဆိုးတစ်ခုဖြစ်ပြီး ဘယ်သူမှ မဖြစ်ချင်တဲ့ အဖြစ်မျိုးပါ။” လို့ ပြောကြားခဲ့ပါတယ်။ ဒီဇင်ဘာ ၁၇ ရက်နေ့က နိုင်ငံရဲ့ ရွေးကောက်ပွဲခုံရုံးဟာ ကွန်ဆာဗေးတစ် သမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်ကို တရားဝင် အနိုင်ရသူအဖြစ် ကြေညာလိုက်ပြီးနောက် မဲလိမ်မှု စွပ်စွဲချက်တွေနဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
4 years Ago

December 3, 2017

ဟွန်ဒူးရပ်စ်တွင် ညမထွက်အမိန့် ထုတ်ပြန်

ဟွန်ဒူးရပ်စ် အစိုးရက နိုင်ငံတွင်း ညမထွက်ရအမိန့်ကို ဒီဇင်ဘာ ၂ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ သမ္မတရွေးကောက်ပွဲအပြီး ဆန္ဒပြမှုတွေနဲ့ လုယက်မှုတွေကြောင့် လူအနည်းဆုံး တယောက် သေဆုံးအပြီးမှာ ခုလို အမိန့်ထုတ်တာပါ။ တနိုင်ငံလုံးမှာ ၁၀ ရက် ညမထွက်ရ အမိန့်ကိုထုတ်ပြန်ထားတာဖြစ်ပြီး စစ်တပ်နဲ့ ရဲတွေကိုလည်း တိုးချဲ့ခဲ့ပါတယ်။ ဒါဟာ သမ္မတ ရွေးကောက်ပွဲ မဲရေတွက်မှုကို မကျေနပ်တဲ့ ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အကွက်ရွှေ့တာလို့ အတိုက်အခံခေါင်းဆောင်တွေက ဝေဖန်နေကြပါတယ်။ အမိန့်အရ ဒေသခံ အာဏာပိုင်တွေဟာ သူတို့ရဲ့ အခွင့်အာဏာကို ရဲနဲ့ စစ်တပ်ဆီ အပ်နှင်းရမှာပါ။ ရွေးကောက်ပွဲ အနိုင်ရသူကို မကြေညာနိုင်ဘဲ မဲရေတွက်မှု ရပ်တန့်နေတာ ၅ ရက် ရှိပါပြီ။ လက်ရှိ သမ္မတ ဟွမ် ဟနန်ဒဲ့ဇ်က စိန်ခေါ်သူ ရုပ်သံသတင်း ကြေညာသူ ဆယ်လ်ဗာဒေါ နတ်စ်ရာလာကို အနိုင်ရနေတာပါ။ ဒါပေမယ့် အငြင်းပွားစရာ မဲတွေ ထောင်ချီ ရှိနေသေးလို့ ရလဒ်ကို မထုတ်ပြန်နိုင်သေး ပါဘူး။ တနင်္ဂနွေ ရွေးကောက်ပွဲပြီးတည်းက လူအနည်းဆုံး တယောက် သေဆုံးပြီး အယောက် ၂၀ ကျော် ဒဏ်ရာရပါတယ်။ လုယက်မှုကြောင့် လူအယောက် ၁၀၀ ကျော် အဖမ်းခံထားရပါတယ်။ အစိုးရဟာ မဲလိမ်ပြီး ရွေးကောက်ပွဲ ရလဒ်ကို မသမာမှုလုပ်ဖို့ ကြိုးစားနေတယ်လို့ အတိုက်အခံခေါင်းဆောင်တွေက စွပ်စွဲခဲ့ကြပါတယ်။
4 years Ago
Up