ဟောလိဝုဒ်စတား ဘင်အက်ဖလက်ခ်ခေါင်းဆောင်ပါဝင်ထားတဲ့ ထူးထူးခြားခြား Sports Drama အမျိုးအစား ရုပ်ရှင်-The Way Back ကို လာမယ့် သီတင်းပတ်ထဲမှာ ရုံ တင်ပြသသွားဖို့ ရှိနေပါတယ်။
ဒီကားကိုတော့ အမေရိကန်ရုပ်ရှင် ဒါရိုက်တာ Gavin O'Connor က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး နာမည်ကျော် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. Pictures က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။
Jack Cunningham ဟာ တချိန်ကတော့ အထက်တန်းကျောင်းရဲ့ ပြိုင်ဘက်မရှိတဲ့ ဘတ်စကက်ဘောချန်ပီယံတယောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ရုတ်တရက်ပဲ အကြောင်း အရာတခုကြောင့် အဲဒီလောကထဲကနေ ထွက်ခွာခဲ့ရပြီး ဆောက်လုပ်ရေးလုပ်သားတ ယောက်အနေနဲ့ အဆင်မပြေမှုတွေနဲ့ အရက်စွဲနေခဲ့ပြီး ဘဝကို ဖြတ်သန်းနေခဲ့ပါတယ်။
တရက်မှာတော့ သူနေခဲ့တဲ့ ကျောင်းကပဲ သူ့ကို နည်းပြအနေနဲ့ ဘတ်စဘက်ဘောအသင်းကို ဦးဆောင်လေ့ကျင့်ပေးဖို့ ကမ်းလှမ်းလာချိန်မှာတော့ ဘာတွေ ဆက်ဖြစ်လာမလဲ။ အတိတ်မှာရော ဘယ်လိုအခြေအနေတွေက သူ့ကို ခုလိုဖြစ်စေခဲ့တာလဲ၊ တကျော့ပြန် နည်းပြတယောက်အနေနဲ့ ပြန်ရောက်လာချိန်မှာရော အောင်မြင်နိုင်ပါ့မလားဆိုတာတွေကို ဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာ သရုပ်ဆောင်မင်းသား ဘင်အက်ဖလက်ခ်နဲ့အတူ တခြားဟောလိဝုဒ် သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ Al Madrigal ၊ Michaela Watkins ၊ Janina Gavankar စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။
ကြာမြင့်ချိန် ၁၀၈ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကိုတော့ ဘတ်ဂျက်အမေရိကန်ဒေါ်လာ ၂၅ သန်း အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
Box Office မှာတော့ ဒီကားကို ရုံတင်ပြသမယ့် ပထမသီတင်းပတ်မှာတင် အမေရိကန်နဲ့ ကနေဒါမှာ အမေရိကန်ဒေါ်လာ ၇ သန်း ရရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ရွှေကမ္ဘာလုံးဆုတွေ၊ အကယ်ဒမီဆုတွေ ရရှိထားတဲ့ သရုပ်ဆောင်မင်းသား ဘင်အက်ဖလက်ခ်ပရိသတ်တွေ အကြိုက်တွေ့ကြမယ့် ဒီရုပ်ရှင်ကိုတော့ လာမယ့် မတ်လ ၆ ရက်နေ့ ရုံတင်ပြသသွားမယ်လို့ ကြေငြာထားပါတယ်။
11 months Ago