ဟောင်ကောင် နိုင်ငံသားများ စိုးရိမ်

July 20, 2020

ကိုရိုနာကူးစက်မှုလှိုင်းသစ် ဖြစ်မည်ကို ဟောင်ကောင် နိုင်ငံသားများ စိုးရိမ်

ဟောင်ကောင်မှာ သီတင်းပတ်ကုန်ရက်က ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ် အသစ် ကူးစက်ခံ လူ ၁၀၀ ကျော်ခဲ့လို့ ကူးစက်မှုလှိုင်းသစ် ဖြစ်လာမှာကို ဟောင်ကောင် နိုင်ငံသားတွေ စိုးရိမ်နေကြပါတယ်။ ကူးစက်နှုန်း တိုးလာတာဟာ ဇန်နဝါရီလကုန်ပိုင်းက ကူးစက်မှု စကတည်းက အများဆုံး ကူးစက်မှုလည်း ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က မရှိမဖြစ် မဟုတ်တဲ့ အရပ်ဘက်ဝန်ထမ်းတွေ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့ အပါအဝင် ကူးစက်ကပ်ဘေး ထိန်းချုပ်ရေး ပိုတင်းကျပ်တဲ့ ကန့်သတ်ချက်တွေကို ကြေညာခဲ့ပါတယ်။ အားကစားရုံတွေ၊ အပန်းဖြေဥယျာဉ်တွေနဲ့ တခြားပွဲကျင်းပရာ နေရာ ၁၀ မျိုးကို ဆက်ပိတ်ထားပါတယ်။ စာတိုက်ရုံးတွေ အပါအဝင် တခြားရုံးတွေကိုတော့ ၇ ရက် ပိတ်ထားပါတယ်။ ညနေ ၆ နာရီနောက်ပိုင်းမှာ စားသောက်ဆိုင်တွေမှာ ပါဆယ်သာ ရောင်းချဖို့ ကန့်သတ်ချက်ကိုလည်း သက်တမ်းတိုးခဲ့ပါတယ်။ အခန်းတွင်း အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ပါးစပ် နှာခေါင်းစည်းတွေကို မဖြစ်မနေ ဝတ်ဆင်ထားဖို့လည်း ကန့်သတ်ချက်ထဲ ပါပါတယ်။ ဟောင်ကောင်မှာ ဇူလိုင် ၁၉ ထိ အတည်ပြုချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံဦးရေ အယောက် ၂၀၀၀ နီးပါး ရှိနေပြီး ကူးစက်ခံ ၁၂ ယောက် သေဆုံးခဲ့ပြီးပါပြီ။
10 months Ago
Up