ဟောင်ကောင်အစိုးရဟာ နိုင်ငံတော် လုံခြုံရေးဥပဒေသစ်ကို အစိုးရနဲ့ သဘောထားကွဲလွဲသူ ဟောင်ကောင်သားတွေကိုသာမက နိုင်ငံတကာမီဒီယာတွေကိုပါ ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ ဟောင်ကောင် ဒီမိုကရေစီလိုလားတဲ့ တက်ကြွလှုပ်ရှားသူ အန်းနက်စ်ချောင်က စက်တင်ဘာ ၁ ရက်မှာ ပြောလိုက်ပါတယ်။
သူဟာ ဥပဒေသစ်အောက်မှာ အဖမ်းခံရပြီး အာမခံနဲ့ ပြန်လွှတ်ခံရတဲ့ ပထမဆုံး ဒီမိုကရေစီ လိုလားတဲ့ ပြည်သူ့ခေါင်းဆောင်တဦးပါ။
ဒါပေမယ့် ရဲစခန်းမှာ ပုံမှန်သတင်းပို့နေရပြီး တိုင်ပိုရဲစခန်းမှာ ဒီဇင်ဘာ ၂ ရက်မှာလည်း နောက်တကြိမ် ထပ်ပြီး သတင်းပို့ရဦးမယ်လို့ သူက ပြောပါတယ်။
လူငယ်လှုပ်ရှားသူ ဂျိုရှုဝေါင်ရဲ့ ဒီမိုဆစ်တို ဒီမိုကရေစီလိုလားတဲ့အုပ်စုမှာ ခေါင်းဆောင်ဟောင်းတွေထဲက တယောက်လည်း ဖြစ်ပါတယ်။
သူတို့ အုပ်စုကိုတော့ ဥပဒေသစ် အသက်မသွင်းခင် အစိုးရက ဖျက်သိမ်းခဲ့ပါတယ်။ ဟောင်ကောင်အစိုးရဟာ ဒီဥပဒေသစ်ကို အသုံးချပြီး နိုင်ငံခြားသား သတင်းထောက်တွေအတွက် အလုပ်အကိုင်ဆိုင်ရာ ပြည်ဝင်ခွင့် လျှောက်လွှာကို ပယ်ချနိုင်သလို နိုင်ငံတကာ မီဒီယာရုံးတွေကို ရှာဖို့ တရားရုံးအမိန့်ကိုလည်း တောင်းခံအသုံးချနိုင်တယ်လို့ အန်းနက်စ်ချောင်က ပြောပါတယ်။
အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်တာ၊ ခွဲထွက်တာ၊ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံခြား စစ်တပ်တွေနဲ့ ပူးပေါင်း ကြံရာပါ လုပ်တာ တွေလို့ တရုတ်အစိုးရက မှတ်ယူတဲ့ ဘယ်လုပ်ရပ်အတွက်မဆို လုံခြုံရေးဥပဒေအသစ်အရ ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်ပါတယ်။
8 months Ago