ဟူလီယာ

December 15, 2020

လီဗာပူးနှင့် လိုင်ယွန်နည်းပြဟောင်း ဟူလီယာ အသက် ၇၃ နှစ်အရွယ်တွင် ကွယ်လွန်

လီဗာပူးနဲ့ လိုင်ယွန်နည်းပြဟောင်း ဂျာရတ်ဟူလီယာဟာ အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီလို့  ပြင်သစ် သတင်းတွေမှာ ဖော်ပြပါတယ်။  ဟူလီယာဟာ ကလပ်အသင်း နည်းပြသက်တမ်းမှာ အက်စတွန်ဗီလာ၊ ပီအက်စ်ဂျီ အသင်းတို့ကိုလည်း နည်းပြခဲ့ဖူးပြီး ဒီဇင်ဘာ ၁၄ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားခဲ့တာလို့ RMC Sport သတင်းမှာ ဖော်ပြပါတယ်။ ဟူလီယာဟာ လီဗာပူးအသင်းကို ၁၉၈၈ ခုနှစ်ကနေ ၂၀၀၄ ခုနှစ်အထိ ကိုင်တွယ်ခဲ့ပြီး ဒီကာလတွေမှာ အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။  ပရီးမီးယားလိဂ်ဆုဖလားကို ရယူပေးနိုင်ခဲ့ခြင်းမရှိပေမယ့် ဟူလီယာဟာ လီဗာပူးအသင်းနဲ့ အတူ ဆုဖလား ၆ လုံး သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီထဲက ဖလား ၅ လုံးကို ၂၀၀၁ ခုနှစ်မှာရရှိခဲ့တာဖြစ်ပြီး အက်ဖ်အေဖလား၊ လိဂ်ဖလား၊ ယူအီးအက်ဖ်အေဖလား၊ ကွန်မြူနတီဒိုင်းနဲ့ ယူအီးအက်ဖ်အေစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ကာ ၂၀၀၂-၀၃ ရာ သီမှာလည်း လိဂ်ဖလားကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ လီဗာပူးမတိုင်ခင် ဟူလီယာဟာ ပြင်သစ် လက်ရွေးစင်အသင်းမှာရှိနေခဲ့တာ ဖြစ်ပြီး ပလာတီနီရဲ့ လက်ထောက်အဖြစ် နိုင်ငံအသင်းကို တာဝန်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပြင်သစ်အသင်း ၁၉၉၄ ခုနှစ် ကမ္ဘာ့ဖလားကို ဝင်ရောက်နိုင်ခဲ့ခြင်းမရှိတဲ့နောက်မှာ နိုင်ငံ့လက်ရွေးစင်အသင်း တာဝန်ကနေ နုတ်ထွက်ခဲ့ပြီး လူငယ်အသင်းတွေဆီ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ လီဗာပူးအသင်းကို ရောက်ရှိခဲ့တာဖြစ်ပြီး နည်းပြဘဝ နောက်ဆုံးကာလ တွေကို အက်စတွန်ဗီလာအသင်းမှာ မြှုပ်နှံခဲ့ပါတယ်။  ဗီလာအသင်းကို မရောက်ခင် ၂ နှစ်မှာ သူဟာ မွေးရပ်မြေက လိုင်ယွန်အသင်းကို ကိုင်တွယ်ခဲ့ပြီး လီဂူးဝမ်း ဖလားကို ဆက်တိုက်ရယူနိုင်ခဲ့ပါတယ်။  ပီအက်စ်ဂျီနဲ့အတူ ၁၉၈၅-၈၆ ရာသီမှာလည်း လီဂူးဖလား ရခဲ့ဖူးတာကြောင့် ဒါဟာ ဟူလီယာရဲ့ ဒုတိယနဲ့ တတိယမြောက်လီဂူးဖလားတွေ ဖြစ်ခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းဟာ ဟူလီယာလက်ထက်မှာ လီဂူးဖလားကို ပထမဆုံးအကြိမ် ရရှိခဲ့တာကြောင့် ကစားသမားဘဝမှာ ပရော်ဖက်ရှင်နယ်တောင် မဖြစ်ခဲ့တဲ့ ဟူလီယာဟာ ကမ္ဘာတဝန်းလုံးက ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ သူဟာ ပြင်သစ်ဘောလုံးလောကအတွက် ဆောင်ရွက်ပေးခဲ့တာတွေကြောင့် ၂၀၀၂ ခုနှစ်မှာ Legion d’honneur ဆုချီးမြှင့်ခံခဲ့ရပြီး အင်္ဂလန်မှာ စွမ်းရည်ပြနိုင်ခဲ့မှုတွေကြောင့်လည်း ဂုဏ်ထူးဆောင် OBE ဘွဲ့ကို ရရှိခဲ့ပါတယ်။
4 months Ago
Up