ဟူနန်ပြည်နယ်သား

February 2, 2020

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ ကျန်းမာရေး ကောင်းမွန်လာဟုဆို

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာအဖြစ် စောင့်ကြည့်စစ်ဆေးနေတဲ့ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်သားဟာ ကျန်းမာရေး ကောင်းမွန်လာတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲက ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်ကြီးက ပြောပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားကျွမ်းကျင်ပညာရှင်များ အသင်းက ကျင်းပတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အသိပညာပေး ဟောပြောပွဲမှာ ပြောခဲ့တာပါ။ “သံသယလူနာရဲ့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ သူ အဖျားလည်း ကျနေပါပြီ၊ လည်ချောင်းနာတာလေး နည်းနည်းကျန်တယ်” လို့ ပြောပါတယ်။ ရလဒ် သေချာရရှိစေဖို့အတွက် လူနာဆီကရတဲ့ နမူနာတွေကို ထိုင်းနိုင်ငံ National Institute For Health ဌာနမှာ စစ်ဆေးစမ်းသပ်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းက ပို့ဆောင်လိုက်ပြီလို့ သိရပါတယ်။ သံသယရှိလူနာဟာ ဝူဟန်ဗိုင်းရပ်စ်ရောဂါ အမှန်တကယ် ဖြစ်နေတယ်ဆိုရင်လည်း ရောဂါအခြေအနေပေါ် မူတည်ပြီး ကုသပေးနိုင်တယ်လို့လည်း ပြောပါတယ်။ ရလဒ်ရရှိလာဖို့အတွက် အနည်းဆုံး ၂ ရက်လောက် ကြာမြင့်မယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဝူဟန်ဗိုင်းရပ်စ် သံသယလူနာ တယောက်ပဲ ရှိသေးတယ်လို့လည်း ဆိုပါတယ်။ ဇန်နဝါရီ ၃၁ ရက်နေ့က တရုတ်နိုင်ငံက ရန်ကုန်မြို့ကို ဆိုက်ရောက်လာတဲ့ ခရီးသည်တင်လေယာဉ်တစီးပေါ်မှာ ဝူဟန်ဗိုင်းရပ်စ် သံသယလူနာတဦးကို တွေ့ရှိပြီး ဝေဘာဂီဆေးရုံမှာ ကုသပေးနေတာ ဖြစ်ပါတယ်။
1 year Ago
Up