မြောက်ကိုရီးယား အစိုးရဟာ အသစ်တီထွင်ထားတဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ရဲ့ ထိပ်ဖူးမှာ တပ်ဆင်ဖို့ ပုံစံထုတ်ထားတဲ့ ဟိုက်ထရိုဂျင်ဗုံးကို အောင်အောင်မြင်မြင် စမ်းသပ်ခဲ့ နိုင်ခဲ့ပြီလို့ ဒီနေ့ ကြေညာလိုက်ပါတယ်။
အရင်က နျူကလီးယား စမ်းသပ်မှုတွေထက် ပိုပြီး အားကောင်းတဲ့ဟာကို ထုတ်လုပ်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ အမိန့်အရ ဟိုက်ထရိုဂျင်ဗုံးကို စမ်းသပ်မှု အပြည့်အဝ အောင်မြင်တယ်၊ ဒါဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ် ပြီးစီးဖို့ အဓိပ္ပာယ်ရှိတဲ့ ခြေလှမ်းပဲလို့ အစိုးရရုပ်သံ KRT က ပြောပါတယ်။
ဗုံးစမ်းသပ်ဖို့ အမိန့်စာကို ကင်က လက်မှတ်ထိုးနေပုံနဲ့ အရာရှိတွေနဲ့အစည်းအဝေးကို ဦးစီး ကျင်းပနေပုံ ရုပ်ပုံတွေကိုလည်း KRT က ထုတ်လွှင့်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာနားမှာ လူကြောင့် ဖြစ်ပုံရတဲ့ ငလျင်ကြီးတခု လှုပ်ခဲ့တာကို ထောက်လှမ်း သိရှိရအပြီး နာရီပိုင်း အတွင်း ခုလို ကြေညာလိုက်တာပါ။ ဒါဟာ မြောက်ကိုရီးယား ရဲ့ ၆ ကြိမ်မြောက် နျူကလီးယား စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
5 years Ago