ဟုမ္မလင်းတွင်

February 3, 2017

ဟုမ္မလင်းတွင် ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်း ရှာဖွေတွေ့ရှိ

ဟုမ္မလင်းမှာ ရွှေတူးဖော်စဉ် ကျင်းပိသေဆုံးသူ ၇ ဦးအနက် ၆ လောင်းကို ရှာဖွေတွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ် နမ်တောဒေသ ထိန်ကုန်းကျေးရွာအနီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်လောက်က ရွှေတူးဖော်ရာမှ ကျင်းပိသေဆုံးခဲ့တာ ဖြစ်ပါတယ်။ ကျင်းပိသေဆုံးရာမှာ ဦးသာဆွေ(၄၅-နှစ်)၊ ဦးမောင်စိုး(၄၀-နှစ်)၊ မောင်ပြည့်စုံအောင် (၈-နှစ်၊ ဒုတိယတန်းကျောင်းသား)၊ မငွေကြည် (၃၈-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်)၊ မနန်းနန်း(ခ) မမာနူး(ခ) မသင်းသင်းလှိုင် (၂၁-နှစ်)နဲ့ ၂-လသားအရွယ် ယောက်ျားလေး ၁ ဦး၊ စုစုပေါင်း ၇ ဦး သေဆုံးခဲ့တာပါ။ သေဆုံးအလောင်းတွေကို ရှာဖွေရာ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ  မငွေကြည် (၃၈-နှစ်)ကို တွေ့ရှိခဲ့ပြီး ဇန်နဝါရီ ၃၁ ရက်နေ့မှာ  မနန်းနန်း(ခ)မမာနူး(ခ)မသင်းသင်းလှိုင် (၂၁-နှစ်)၊ မတင်ဇာဝင်း (၂၄-နှစ်) နှင့် ၂-လသားအရွယ်တို့ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဇန်နဝါရီ ၁ ရက်နေ့မှာတော့ ဦးမောင်စိုး (၄၀-နှစ်)နဲ့ မောင်ပြည့်စုံအောင် (၈-နှစ်)တို့ကို ရှာဖွေတွေ့ရှိပြီး စုစုပေါင်း ၆ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဦးသာဆွေ (၄၅-နှစ်) ကိုတော့ ကျင်းပိနေရာ အတိကျမသိတာကြောင့် ဆက်လက်ရှာဖွေမှု မလုပ်တော့ဘဲ ရပ်နားထားခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားရာဒေသမှာ ဟုမ္မလင်းမြို့နယ်အုပ်ချုပ်ရေးမှူးအပါဝင် တာဝန်ရှိသူတွေလည်း  လာရောက်ပြီး ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဒေသခံ ဦးအောင်စိုးသိန်းက ပြောပါတယ်။
5 years Ago
Up