ရီပတ်ဘလီကန် သမ္မတလောင်း ဒေါ်နယ် ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီကလင်တန်နဲ့ ယှဉ်ပြိုင်တဲ့ပွဲမှာ စွပ်ထားတဲ့ လက်အိတ်ကို ချွတ်လိုက်ရတော့မယ်လို့ ဇူလိုင် ၂၉ ရက်နေ့က ကြေညာပါတယ်။
“ကျနော် အများကြီး ယဉ်ကျေးခဲ့ပါတယ်။ ဒါပေမ့ယ် မနေ့ညက အခြေအနေတွေကို ကြည့်ပြီးတော့ အလိမ်အညာတွေကို ဆက်ပြီး သည်းမခံနိုင်တော့လို့ စွပ်ထားတဲ့ လက်အိတ်ကို ချွတ်လိုက်ရတော့မယ်။ လက်အိတ်ကို ချွတ်ရတော့မယ်။ ထရမ့်က လူရည်မွန် တယောက် ဆက်မလုပ်တော့ဘူး။ ဟီလာရီကို ပြောလိုက်ပါ။ ကျနော်ဟာ ရည်မွန်တော့မှာ မဟုတ်ဘူး” လို့ ထရမ့်က လူထုဟောပြောပွဲမှာ ကြေညာပါတယ်။
ဇူလိုင် ၂၈ ရက်နေ့ညက ဒီမိုကရက်တစ်ပါတီရဲ့ ညီလာခံမှာ ဟီလာရီ ကလင်တန်က ပါတီရဲ့သမ္မတလောင်းအဖြစ် လက်ခံခဲ့ပါတယ်။
ဒီလို လက်ခံလိုက်တာဟာ အမေရိကန်သမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတလောင်း ဖြစ်လာပါတယ်။
သမ္မတကတော်၊ အထက်လွှတ်တော်အမတ်၊ နိုင်ငံခြားရေးဝန်ကြီး တာဝန် အဆင့်ဆင့်ပြောင်းပြီး ၂၅ နှစ်တာ လူမြင်ကွင်းမှာ ရှိနေတဲ့ ဟီလာရီ ကလင်တန် အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ ဖြစ်လာဖို့ နောက်ဆုံးတဆင့်ပဲ ကျန်ပါတော့တယ်။
ဒါပေမ့ယ် ဟီလာရီရဲ့ ဇူလိုင် ၂၈ ရက်နေ့ သမိုင်းဝင် မိန့်ခွန်းကို ရုပ်မြင်သံကြား လိုင်းတွေကနေ စောင့်ကြည့်သူ အရေအတွက်ဟာ ဒီမတိုင်ခင်က ထရမ့်ရဲ့ မိန့်ခွန်းကို စောင့်နားထောင်သူ အရေအတွက်လောက် မရှိခဲ့ဘူးလို့ စစ်တမ်းတွေက ပြသနေပါတယ်။
7 years Ago