ဟီရတ်မြို့

August 26, 2015

အာဖဂန် တွင် ဓာတ်ဆီဆိုင် ပေါက်ကွဲ၊ ကလေး ၁၀ ဦး သေဆုံး (ရုပ်သံ)

အာဖဂန်နစ္စတန်နိုင်ငံအနောက်ပိုင်း အီရန်နယ်စပ်အနီးက ဟီရတ် (Herat) မြို့မှာ သြဂုတ် ၂၄ ရက်နေ့ညက ဓာတ်ဆီဆိုင် ပေါက်ကွဲမီးလောင်မှုဖြစ်ပြီး ကလေး ၁၀ ဦးနဲ့ လူကြီး ၁ ဦး သေဆုံးခဲ့ပါတယ်။ ဓာတ်ဆီဆိုင်ပေါက်ကွဲမှုကတဆင့် ဓာတ်ဆီတင် ဘောက်စာယာဉ်ပါ ပေါက်ကွဲလွှင့်ထွက်သွားပြီး လူနေအိမ်ပေါ် ကျရောက်မီးလောင်ခဲ့လို့ အခုလို ကလေးတွေ သေဆုံးခဲ့တာလို့ မျက်မြင်တဦးက ပြောဆိုပါတယ်။ တခြားလူ ၁၈ ဦးလည်း ဒဏ်ရာရရှိခဲ့ကြပြီး ထိခိုက်သေဆုံးသွားသူအားလုံးဟာ ဓာတ်ဆီဆိုင်အနီး ပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ လူနာအများစုကို ဟီရတ်မြို့ ဆေးရုံကို တင်ပို့ကုသထားပြီး မီးလောင်ဒဏ်ရာ ၉၀ ရာခိုင်နှုန်းကျော် ရထားသူ ၄ ဦးကိုတော့ အီရန်နိုင်ငံကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေပါတယ်လို့ ဆေးရုံအာဏာပိုင်တဦးက ပြောဆိုပါတယ်။ ဒီဓာတ်ဆီဆိုင် ပေါက်ကွဲမီးလောင်မှုဟာ မတော်တဆမှုလား၊ အကြမ်းဖက်တိုက်ခိုက်မှုလားဆိုတာလည်း မရှင်းလင်းသေးပါဘူး။ ဟီရတ်မြို့ဟာ အီရန်နိုင်ငံနဲ့ အနီးဆုံး အာဖဂန်နစ္စတန်အနောက်ပိုင်းက မြို့ကြီးတမြို့ ဖြစ်ပြီး မနှစ်က အိန္ဒိယကောင်စစ်ဝန်ရုံးကို တာလီဘန် အကြမ်းဖက်တွေရဲ့ ၀င်ရောက်စီးနင်းမှု ခံခဲ့ရပါတယ်။
6 years Ago
Up