ဟီမီနက်ဇ်

December 2, 2020

ကွင်းထဲကို မကြာခင် ပြန်လာနိုင်ရန် မျှော်လင့်ဟု ဝုဗ်တိုက်စစ်မှူး ဟီမီနက်ဇ် ပြော

ဘောလုံးကွင်းထဲကို မကြာခင်မှာ ပြန်လည်ခြေချခွင့်ရဖို့ မျှော်လင့်တယ်လို့ ဝုဗ်တိုက်စစ်မှူး ရာအူးလ်ဟီမီနက်ဇ်က ပြောပါတယ်။ ဦးခေါင်းခွံ အက်ကွဲမှုဒဏ်ရာ ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကစားသမားဘက်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ အခုလိုမျိုး ပြောဆိုထားတာ ဖြစ်ပါတယ်။ ဟီမီနက်ဇ်ဟာ အာဆင်နယ်အသင်း နောက်ခံလူ ဒေးဗစ်လူးဝစ္စနဲ့ ခေါင်းတိုက်မိခဲ့ရာကနေ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။  တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ပွဲစဉ်အတွင်း ဟီမီနက်ဇ်ဟာ ကွင်းထဲကနေ အောက်စီဂျင်ပေးကာ ထမ်းစင်နဲ့ ထွက်ခွာသွားခဲ့ရပြီး ဆေးရုံချက်ချင်း တက်ခဲ့ရပါတယ်။ “အားပေးတဲ့ မက်ဆေ့ချ်တွေအတွက် ကျေးဇူးတင်ပါတယ်။ အခုချိန်မှာတော့ စောင့်ကြည့်ခံ အနေအထားမှာ ရှိနေပေမယ့် ကွင်းထဲကို မကြာခင်ပြန်ခြေချနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ အသက် ၂၉ နှစ်အရွယ် မက္ကဆီကို တိုက်စစ်မှူးက တွစ်တာမှာ ရေးသားထားပါတယ်။ ဟီမီနက်ဇ် ဒဏ်ရာရရှိခဲ့ပြီးနောက် သူ့ကို အားပေးဖို့အတွက် ဝုဗ်အသင်းပရိသတ်တွေဟာ အလံကြီးတစ်ခုကို ဝယ်ဖို့ ၂ နာရီအတွင်းမှာတင် ရန်ပုံငွေ ပေါင် ၈၀၀၀ ရရှိခဲ့ပါတယ်။ ဒီအလံကြီးကို စတိဗ်ဘောလုံးကွင်းပွဲကြည့်စင်မှာ လွှမ်းခြုံထားပြီး သူတို့အသင်းရဲ့ ဂိုးသွင်းစက်ကို အားပေးဖို့ ပရိသတ်တွေက စီစဉ်တာ ဖြစ်ပါတယ်။ အလံဝယ်လို့ ပိုတဲ့ ပိုက်ဆံကိုလည်း ကစားသမား စိတ်ကြိုက်ပရဟိတအဖွဲ့တစ်ခုကို လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ဟီမီနက်ဇ်ကို အားပေးဖို့အတွက် ဝုဗ်အသင်းက အင်္ဂါနေ့မှာ မက်ဆေ့ချ်တွေ စတင်ကောက်ယူခဲ့ပြီး အဲဒီနေ့မကုန်ခင်မှာတင် အားပေးတဲ့ မက်ဆေ့ချ်ပေါင်း ၁၀၀၀၀ ကျော်ကို ရရှိခဲ့ပါတယ်။  ဟီမီနက်ဇ်ဟာ တနင်္ဂနွေနေ့ပွဲအပြီးမှာတင် ခွဲစိတ်မှုခံယူခဲ့တာဖြစ်ပြီး သူ့အခြေအနေဟာ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့ ဝုဗ်အသင်းက ခွဲစိတ်မှုအပြီးမှာ ထုတ်ပြန်ပါတယ်။ ဟီမီနက်ဇ် ကွင်းအတွင်း လဲကျသွားခဲ့ပြီးနောက် သူ့ကို ကုသမှုပြုလုပ်ပေးဖို့အတွက် ၁၀ မိနစ်ခန့် အချိန်ယူခဲ့ပြီး ဒေးဗစ်လူးဝစ္စဟာလည်း ကွင်းထဲမှာ ခဏ ဆက်ကစားနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပါတယ်။
4 months Ago
Up