ဟိန္ဒူဘုရားကျောင်း

January 3, 2019

အိန္ဒိယတွင် ဟိန္ဒူဘုရားကျောင်းတွင်း အမျိုးသမီး ၂ ဦး ဝင်ရောက်အပြီး အကြမ်းဖက်မှု ဖြစ်ပွား

အိန္ဒိယနိုင်ငံ ကဲရာလာပြည်နယ်မှာ ဟိန္ဒူတွေရဲ့ အမြင့်မြတ်ဆုံး ဘုရားကျောင်းတွေထဲက တကျောင်းကို ဓလေ့ထုံးတမ်းဆန့်ကျင်တဲ့ အမျိုးသမီး ၂ ဦး ဝင်ရောက်အပြီး ပြည်နယ်တောင်ပိုင်းတလွှား အကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လူ ၁ ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရတယ်လို့ ရဲက ဇန်နဝါရီ ၃ ရက်မှာ ပြောပါတယ်။ ရဲတွေခြံရံထားတဲ့ အမျိုးသမီး တက်ကြွလှုပ်ရှားသူ ၂ ဦးဟာ မိုးမလင်းခင် စစ်ဆင်ရေးအတွင်း ဇန်နဝါရီ ၂ ရက်က ဆာဘာရီမာလာ ဘုရားကျောင်းထဲကို ဝင်ခဲ့အပြီး ပြည်နယ်တလွှားမှာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ အသက် ၁၀ နှစ်ကနေ ၅၀ ကြား အမျိုးသမီးတွေ ဘုရားကျောင်းအတွင်း ဝင်ခွင့်ပိတ်ပင်တဲ့ ဆယ်စုနှစ်ချီ အစဉ်အလာကို ပယ်ဖျက်ဖို့ တရားရုံးချုပ်က စက်တင်ဘာမှာ အမိန့်ချခဲ့တာပါ။ ဒါပေမယ့် အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေရဲ့ ဘုရားကျောင်းထဲဝင်ဖို့ ကြိုးစားမှုတွေ မအောင်မြင်ခဲ့ပါဘူး။ ဒါဟာ ထုံးတမ်းစဉ်လာကို တိုက်ခိုက်မှုအဖြစ် ရှုမြင်တဲ့ ယောက်ျား မိန်းမတွေ အပါအဝင် ထောင်နဲ့ချီတဲ့ ဝတ်ပြုသူတွေက တင်းတင်းကျပ်ကျပ် ဟန့်တားခဲ့ကြပါတယ်။ ဝန်ကြီးချုပ် နရင်ဒြာ မိုဒီရဲ့ BJP ပါတီက ဆန္ဒပြသူဟာ ပြည်နယ် အာဏာရ ကွန်မြူနစ်ပါတီက ဒေသန္တရရုံးကနေ ပစ်လိုက်တဲ့ ကျောက်တုံးတွေ ထိမှန် သေဆုံးတာလို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ ပြည်နယ်တလွှား နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင် တပ်ကူတွေ တာဝန်ချထားတယ်လို့ ရဲက ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။
3 years Ago

April 12, 2016

ဟိန္ဒူဘုရားကျောင်း မီးရှူးမီးပန်းပေါက်ကွဲပြီး လူသေဆုံးမှုအတွက် ၅ ဦးကို ထိန်းသိမ်း (ရုပ်သံ)

အိန္ဒိယနိုင်ငံမှာ ဧပြီ ၁၀ ရက် မနက်ပိုင်းက လူ ၁၁၀ ဦး သေဆုံးခဲ့ရတဲ့ ဟိန္ဒူဘုရားကျောင်း မီးရှူးမီးပန်း ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ဘုရားကျောင်းက လူ ၅ ဦးကို အာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။ ဘုရားကျောင်းပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုလည်း အာဏာပိုင်တွေက ဖွဲ့စည်းခဲ့ပြီး ဘုရားကျောင်း တာဝန်ရှိသူတွေ၊ နေထိုင်သူတွေကို မေးမြန်းစစ်ဆေးမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။ အဲ့ဒီ နိုင်ငံတောင်ပိုင်းက ကာရာလာ (Kerala) ပြည်နယ်မှာရှိတဲ့   ဒီဟိန္ဒူဘုရားကျောင်းမှာ ဒေသခံတွေ နှစ်သစ်ကူးပွဲတော် ကျင်းပနေတာဖြစ်ပြီး အခုလို မီးရှူးမီးပန်းတွေ ပစ်ဖောက်ခွင့် ပြုထားတာလည်း မရှိသလို မီးရှူးမီးပန်းတွေ ကီလို ၁၅၀ ကျော် သိုလှောင်သိမ်းဆည်းထားခွင့်လည်း မရှိဘူးလို့ ဒေသခံအာဏာပိုင်တွေက ဆိုပါတယ်။ ဖောက်လိုက်တဲ့ ဗျောက်အိုးတလုံးက မီးရှူးမီးပန်းပစ္စည်းတွေ သိုလှောင်ထားတဲ့  အခန်းထဲ ၀င်သွားပြီး အခုလို ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ကျောင်းဆောင်တခုလည်း ပြိုကျခဲ့တဲ့အတွက် လူအများအပြား အဲ့ဒီမှာ သေဆုံးခဲ့ကြတာပါ။ လူအယောက် ၄၀၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မိုဒီလည်း ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ဘုရားကျောင်းကိုရော၊ ဒဏ်ရာရသူတွေကို ဆေးကုသမှုတွေ ပေးနေတဲ့ ဆေးရုံကိုပါ ကိုယ်တိုင်သွားရောက် ကြည့်ရှု အားပေးခဲ့ပါတယ်။
6 years Ago
Up