ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်ရှိ လျှပ်စစ်ရုံးအနီးမှာ အငြိမ်းစားယူထားတဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်ကြီး တယောက် မတ် ၁၆ ရက် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အငြိမ်းစားဗိုလ်ကြီး အောင်မျိုးသန့်နဲ့ မိတ်ဆွေတဦးတို့ဟာ လျှပ်စစ်ရုံးအနီး ကားပေါ်မှာထိုင်နေတုန်း အမည်မသိ သေနတ်သမားတွေက လာပစ်သတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ ပြည်သူတဦးက "မနက် ၉ နာရီခွဲလောက်က သူစီးလာတဲ့ AD Van ကားပေါ်မှာ ထိုင်နေတုန်း အနောက်ကနေ ကားနှစ်စီးရောက်လာပြီး သေနတ်နဲ့ပစ်တာ။ ပြည်သူ့စစ်ဗိုလ်ကြီးကတော့ ကားပေါ်မှာ သေသွားတယ်။ နောက်တယောက်ကတော့ သေမသေ တိတိကျကျ မသိရဘူး။ ပစ်ချက်က မနည်းဘူး။ ကားနှစ်စီးနဲ့ ဝိုင်းပစ်တာ။ ဘယ်သူပစ်တယ် ဆိုတာတော့ မသိဘူး။ ပစ်ပြီး မောင်းထွက်သွားတယ်" လို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် အသက် ၅၀ ခန့်အရွယ် ဗိုလ်ကြီးဟောင်း အောင်မျိုးသန့်သေဆုံးသွားတဲ့အပြင် ကားမှာလည်း သေနတ်ကျည်ဆန်ရာ အချက် ၃၀ ထက်မနည်း မှန်ခဲ့တဲ့အတွက် ကားထိခိုက်ပျက်စီးသွားကာ အခင်းဖြစ်ပွားတဲ့နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးနေပါတယ်။
ဟိုပင်မြို့မှာ နိုဝင်ဘာ ၇ ရက်ကလည်း အမည်မသိ သေနတ်သမားက ထူးထိုက်စံ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ကာ သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ ကလေးငယ်တဦး အပါအဝင် ပြည်သူ ၆ ဦး သေဆုံးခဲ့ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဟိုပင်မြို့ အ.ထ.က ၁ ကျောင်းအနီး ထူးထိုက်စံ လက်ဖက်ရည်ဆိုင်မှာ ဒီနေ့မနက် ၉ နာရီကျော်လောက် ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
အမည်မသိသေနတ်သမားဟာ ထူးထိုက်စံ လက်ဖက်ရည်ဆိုင်ရှေ့ကို ကားတစီးနဲ့ရောက်လာပြီး လက်ဖက်ရည်ဆိုင်အတွင်းက လူတွေကို ကားပေါ်ကနေ တရစပ် ပစ်ခတ်သွားခဲ့တာကြောင့် ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ပြင်းထန်တဲ့ သေနတ်ဒဏ်ရာတွေ ရခဲ့တယ်လို့ အမည်မဖော်လို့တဲ့ မျက်မြင်တွေ့ရှိသူတဦးက ပြောပါတယ်။
“လမ်းမပေါ်ကနေ မတ်တူးကားအဖြူရောင်တစီးရပ်ပြီး ကားထဲကနေ လက်ဖက်ရည်ဆိုင်ထဲကို အေကေ-၄၇ လို သေနတ်အရှည်နဲ့ အတွဲလိုက် လှမ်းပစ်တာ။ လူတော်တော်များများ သေနတ်မှန်ခံရတယ်။ ၆ ယောက်တော့ သေတယ်ကြားတယ်၊ ပွဲချင်းပြီး သေတာလား၊ ဆေးရုံရောက်မှ သေတာလားတော့ မသိရဘူး။ ၈ ယောက်ကတော့ စိုးရိမ်ရလို့ မြစ်ကြီးနားဆေးရုံကို ပို့လိုက်တယ်။"
သေဆုံးသူတွေထဲမှာ လက်ဖက်ရည်ဆိုင်က မုန့်ဆရာတဦး၊ ဆိုင်ပိုင်ရှင်ရဲ့ လေး ငါးနှစ်အရွယ် သမီးငယ်လေးတဦးနဲ့ ဘုန်းကြီးတပါးအပါအဝင် ၆ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အခုဖြစ်စဉ်ကို ဟိုပင် ပျူစောထီးအဖွဲ့က လုပ်ကြံတာဖြစ်နိုင်တယ်လို့ မြို့ခံအများစုက ခန့်မှန်းနေကြပေမဲ့ DVB အနေနဲ့ကတော့ သီးခြားအတည်ပြုနိုင်သေးပါဘူး။
အခုအခင်းမဖြစ်ပွားခင် အရင်က အဲဒီလက်ဖက်ရည်ထဲမှာ စစ်ကောင်စီ သတင်းပေး ထွန်းထွန်းဝင်း ဆိုသူ အဖမ်းခံခဲ့ရပြီး ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဟိုပင်မြို့ခံတွေက ပြောပါတယ်။
အမည်မဖော်လို့တဲ့ မြို့ခံတဦးက "ထွန်းထွန်းဝင်းကို ဒီဆိုင်ထဲမှာ အဖမ်းခံရတာနဲ့ မဆီမဆိုင် ဒီဆိုင်ကို ပျူတွေက အငြိုးတကြီးနဲ့ လုပ်တာလို့ပဲ ကျနော်တို့က မြင်တယ်။ ဆိုင်ဆိုတာကတော့ ဘယ်သူလာထိုင်ထိုင် လက်ခံရတာပဲလေ" လို့ ပြောပါတယ်။
ခုလို ပစ်ခတ်တာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေဆုံးမှု အများဆုံးဖြစ်စဉ်တခုလို့ မြို့ခံတွေက ပြောဆိုနေကြပါတယ်။
အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဟိုပင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သူတို့အဖွဲ့က လုံးဝ မလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။