အမေရိကန်နိုင်ငံ၊ တက်ဆပ်ပြည်နယ်နဲ့ နယ်စပ်ချင်းကပ်နေတဲ့ မက္ကဆီကိုနိုင်ငံ ကွေဒါက် အကူနာမြို့က ဟိုတယ်ကို မက္ကဆီကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက ဝင်ရောက်စီးနင်းပြီး ဟေတီ ရင်ခွင်ပိုက်ကလေးတွေအပါအဝင် ဟေတီရွှေ့ပြောင်းနေထိုင်သူ ၂ဒါဇင်လောက်ကို စက်တင်ဘာ ၂၁ ရက်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
မက္ကဆီကို အမျိုးသား ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာအဖွဲ့အစည်း INM က အရာရှိတွေဟာ ကွေဒက် အကူနာမြို့က လမ်းသွယ်တခုမှာ ရှိတဲ့ တန်ဖိုးနည်း ဟိုတယ်၂ လုံးကို ဝင်ရောက် စီးနင်းခဲ့တာပါ။
အမေရိကန်နဲ့ မက္ကဆီကိုတို့ စက်တင်ဘာ ၂၂ ရက်မှာ နယ်စပ်စခန်းတွေကနေ ဟေတီ ရွှေ့ပြောင်းနေထိုင်သူတွေကို လေယာဉ်နဲ့ မူရင်းနိုင်ငံဆီ ပြန်လွှတ်ဖို့ ပြင်ဆင်နေခဲ့ကြပါတယ်။
အမေရိကန်ဘက်ခြမ်းနယ်စပ်က စခန်းထဲမှာ ဟေတီနိုင်ငံသား အများစုဖြစ်တဲ့ ရွှေ့ပြောင်း နေထိုင်သူအယောက် ထောင်ချီကို နေရာပေးထားပြီး သူတို့ထဲက အယောက် ၅၀၀ ကျော်ကို အမေရိကန်အာဏာပိုင်တွေက မူရင်းနိုင်ငံဆီ တနင်္ဂနွေနေ့က စပြီး ပြန်ပို့ပေးပြီးပါပြီ။
မက္ကဆီကိုကလည်း အမေရိကန်နယ်စပ်က ရွှေ့ပြောင်း နေထိုင်သူတွေကို နိုင်ငံတောင်ပိုင်းက ဂွါတီမာလာ နယ်စပ်ဆီ ဘတ်စ်ကားတွေနဲ့ ပြန်ပို့နေသလို တချို့ကိုတော့ လေယာဉ်တွေနဲ့ ပြန်ပို့ နေပါတယ်။
အင်္ဂါနေ့မှာ ဟေတီအစိုးရ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးအပြီး မက္ကဆီကို အစိုးရက အမိ မြေကိုပြန်ချင်သူ တွေကို အိမ်ပြန်ဖို့ လေကြောင်းခရီးတွေ စီစဉ်ပေးမယ်လို့ ပြောခဲ့ပါတယ်။
အနောက်ကမ္ဘာမှာ အဆင်းရဲဆုံး ဟေတီနိုင်ငံဟာ သမ္မတ လုပ်ကြံမှုတွေ၊ အုပ်စုဖွဲ့ အကြမ်းဖက်မှု တိုးလာတာတွေနဲ့ လတ်တလော သီတင်းပတ်အတွင်း ငလျင် အကြီးအကျယ် လှုပ်ခဲ့တာတွေကြောင့် အခြေအနေ အရပ်ရပ်မှာ မတည်မငြိမ် ဖြစ်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။