ဟိုတယ်ခရီးသွားလုပ်ငန်း

August 2, 2018

အင်ဒိုနီးရှားတွင် ငလျင်ကြောင့် ပိတ်ခဲ့ရသည့် ဟိုတယ် ခရီးသွားလုပ်ငန်း ပြန်စတင်

အင်ဒိုနီးရှားနိုင်ငံ လွန်ဘော့ကျွန်းမှာ ပြင်းအား ရစ်ခ်ျတာစကေး ၆ ဒသမ ၄ ရှိတဲ့ ငလျင်ကြောင့် ပိတ်ခဲ့ရတဲ့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းတွေ ဇူလိုင် ၃၁ ရက်နေ့က ပြန်စခဲ့ပါတယ်။ ငလျင်ဟာ ကျွန်းရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်ကိုသာ အဓိက သက်ရောက်ခဲ့တယ်လို့ ဒေသခံ ဝန်ထမ်းတယောက်က ပြောပါတယ်။ လောလောဆယ် ငလျင်က ဒေသတွင်း ခရီးသွားလုပ်ငန်းကို သက်ရောက်မှု သိပ်မရှိခဲ့ဘူး၊ အစိုးရက ဆမ်ဘာလန် ဒေသထဲက ငလျင်သင့်ပြည်သူ အားလုံးကို ကူညီဖို့ ကြိုးစားနေတယ်လို့ လွန်ဘော့ ခရီးသွားလုပ်ငန်းအသင်း ဥက္ကဋ္ဌ ဒေဝမ်တိုရိုက ပြောပါတယ်။ ကျွန်းပေါ်က ဟိုတယ်မန်နေဂျာ တယောက်ကလည်း အရင်နဲ့စာရင် ခရီးသည် အရေအတွက် လျော့မသွားဘူးလို့ ပြောပါတယ်။ ဘယ်ဧည့်သည်ကမှ ရက်လျှော့ပြီး ပြန်တာ မရှိသေးဘူး၊ ဒါဟာ ဘေးကင်းပြီး ကျနော်တို့နဲ့ နေရတာ စိတ်သက်သာမှုရှိတဲ့ သဘောပဲလို့ သူက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လှုပ်ခဲ့တဲ့ ငလျင်နဲ့ မြေပြင်တုန်ခါမှုတွေကြောင့် ကျွန်းပေါ်မှာ လူ ၁၆ ဦး သေဆုံးပြီး အနည်းဆုံး ၃၅၅ ဦး ဒဏ်ရာရခဲ့တာပါ။ ဒါ့အပြင် အဆောက်အဦ ၁၀၀၀ ကျော် ပျက်စီးပြီး လူ ၅၀၀၀ ကျော် အိုးအိမ်စွန့်ခွာခဲ့ရပါတယ်။
3 years Ago
Up