ဟိုဆမ်အော်ရာ

October 4, 2020

လိုင်ယွန်ကွင်းလယ်လူကို ယခုအပြောင်းအရွှေ့၌ ခေါ်ယူရန် အစီစဉ်မရှိဟု ရီးရဲလ်နည်းပြပြော

လိုင်ယွန်ကွင်းလယ်လူ ဟိုဆမ်အော်ရာဟာ နောင်တချိန် ရီးရဲလ်မက်ဒရစ်အသင်းမှာ လာရောက်ကစားတာမျိုး ဖြစ်လာနိုင်ပေမဲ့ ဒီနွေရာသီအပြောင်းအရွှေ့မှာ သူ့ကို ခေါ်ယူဖို့ အစီစဉ် မရှိသေးဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်းက ပြောပါတယ်။  လိုင်ယွန်ကွင်းလယ်လူကို ဥရောပထိပ်သီးအသင်းတော်တော်များများက စောင့်ကြည့်နေကြ ပြီး ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။ ဒါပေမဲ့ ဒီကွင်းလယ်လူကို ခေါ်ယူဖို့ ရီးရဲလ်နည်းပြ ဇီဒန်းက သူ့ရဲ့ပြင်သစ်က အဆက်အသွယ်  တွေကို ချိတ်ဆက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့ပြီးနောက် အော်ရာဟာ ရီးရဲလ်အသင်းကို ရောက်ရှိတော့မယ်လို့ သတင်းကြီးခဲ့ပါတယ်။  အဲ့ဒီနောက်မှာတော့ ဇီဒန်းက ၂၂ နှစ်သားကို ဒီနွေရာသီမှာ ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ငြင်းဆန်ခဲ့တာပဲဖြစ်ပါတယ်။  ဇီဒန်းက “ခင်ဗျားတို့ ရရှိထားတဲ့သတင်းက ဘယ်လိုလဲတော့ ကျနော် မသိပါဘူး။ သူဟာ တကယ်ကောင်းတဲ့ ကစားသမားတယောက်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ ဒါ့ကြောင့် နောင်တချိန်မှာ သူ့ကို ရီးရဲလ်အသင်းမှာ မြင်တွေ့ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အခုချိန်မှာ တော့ ကျနော်တို့အသင်း လူစာရင်းအတိုင်းပဲ စတင်သွားမှာဖြစ်ပါတယ်” လို့ စပိန်သတင်းစာ Marca ကိုပြောခဲ့ပါတယ်။  ပီအက်စ်ဂျီအသင်းဘက်ကလည်း ဒီလိုမျိုးအဓိပ္ပာယ်ရတဲ့ စကားမျိုးကို ပြောဆိုခဲ့ပြီး အားကစား ဒါရိုက်တာ လီယိုနာဒိုက “အော်ရာကို ခေါ်ယူသွားဖို့ အစီအစဉ်ရှိပါတယ်၊ ဒါပေမဲ့ အဲ့ဒါက အချိန်ချက်ချင်းကြီးတော့ မဟုတ်ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဘက်ကလည်း လိုင်ယွန်ဘက်ကတောင်းတဲ့ ပေါင်သန်း ၅၀ ကြောင့် ဒီကစားသမားအတွက် လက်ရှောင်သွားခဲ့ပြီလို့ ယူဆရပါတယ်။  ဒါ့ကြောင့် လက်ရှိအချိန်မှာ ကစားသမားကိုခေါ်ယူဖို့ အာဆင်နယ်အသင်းဟာ ပြိုင်ဘက်မရှိ အနေအထားကို ရောက်ရှိလာခဲ့ပြီလည်း ဖြစ်ပါတယ်။  အာဆင်နယ်အသင်းဟာ ဒီကစားသမားကို ပေါင် ၃၂ သန်းနဲ့ကမ်းလှမ်းခဲ့ပြီးဖြစ်ပေမဲ့ ပယ်ချခံခဲ့ရတာကြောင့် တကယ်ခေါ်ယူချင်တယ်ဆိုရင် ဈေးနှုန်းကို သိသိသာသာ တိုးမြှင့်ပေးရမှာ ဖြစ်ပါတယ်။ 
8 months Ago
Up