ဟိန်ဇိန်ကျေးရွာ

January 23, 2022

ဟိန်ဇိန်ကျေးရွာအနီးတွင် မိုင်းမတော်တဆမှုကြောင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံး

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာအနီးမှာ မိုင်းမတော်တဆမှုကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ PDF-Zoland က အသက် ၂၁ နှစ်အရွယ် ကိုမုန်နိုးနဲ့ CAN တပ်က ဆလိုင်း ကျုံးလျန်ဆန်တို့ ကျဆုံးခဲ့ကြတာဖြစ်ပြီး ရဲဘော်နှစ်ဦးလည်း ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ဟိန်ဇိန်ကျေးရွာမှာ ဇန်နဝါရီ ၂၂ ရက်နေ့ မနက်က စစ်ကောင်စီတပ်က ရဟတ်ယာဉ်နဲ့ ဗုံးလာကြဲချပြီး ကျေးရွာအတွင်း ဝင်ရောက်လာကြတာကြောင့် ဒေသခံ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲခဲ့ကြရာမှာ မတော်တဆပေါက်ကွဲပြီး ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

ချင်းပြည်နယ် တီးတိန်မြို့မှာ ဇန်နဝါရီ ၂၁ ရက်နေ့က စစ်ရဟတ်ယာဉ် ၅ စီးနဲ့ စစ်ကောင်စီတပ်သားတွေကို လာရောက်ချခဲ့ပြီး ညနေပိုင်းမှာတော့ တီးတိန်မြို့ကနေ ကလေးမြို့ဘက်အထွက် ဆဲဇန်ရွာမှာ စစ်ကောင်စီတပ်သားတွေကို ကားနဲ့ လာရောက်ချသွားပြီး ညအိပ်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်သား ၈၀ ကျော်လောက်နဲ့ လက်နက်၊ အစားအသောက်တွေ သယ်ဆောင်ပြီး ကလေးမြို့ဘက်ကို ခြေလျင်ဆင်းသွားကြတယ်လို့ ဆိုပါတယ်။

ဒေသခံတစ်ဦးက “ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီ တပ်သား ၈၀ ကျော်လောက်အင်အားရှိမယ်၊ ရိက္ခာနဲ့လက်နက်တွေ ယူပြီးတော့ ကလေးဘက်ကို ခြေလျင်ဆင်းသွားတာမြင်တယ်။ မနေ့က စစ်ရဟတ်ယာဉ် ၅ စီးနဲ့ တပ်သားတွေလာချသွားတယ်။ ဒီကနေ့ တောင်ပေါ်ကတပ်ကို လူအင်အားဖြည့်မယ်ထင်တယ်” လို့ ပြောပါတယ်။

ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ကလေး-တီးတိန်လမ်းမကြီးပေါ်မှာရှိတဲ့ ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်က  အဝေးပစ်အမြောက်၊ စစ်ရဟတ်ယာဉ်နှစ်စီးတို့နဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကလေးမြို့ကနေ ဟိန်ဇိန်ကျေးရွာအနီးတဝိုက်ကို အဝေးပစ်လက်နက်ကြီးတွေနဲ့ ၁၀ ကြိမ်မကပစ်ခတ်ခဲ့ပြီး ရဟတ်ယာဉ် နှစ်စီးနဲ့ နာရီဝက်လောက်အထိကြာအောင် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

5 months Ago

January 16, 2022

ဟိန်ဇိန်ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က အဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်

ကလေးတက္ကသိုလ်အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇိန်ကျေးရွာတဝိုက်ကို ဒီနေ့မနက်ပိုင်းကစတင်ပြီး အဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

တိုက်ပွဲမဖြစ်ပေမယ့်လည်း လက်နက်ကြီးတွေနဲ့ ၄ ကြိမ် ခြောက်လှန့် ပစ်ခတ်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။

“မနက် ၈ နာရီကျော်လောက်က စပစ်တာ၊ လက်နက်ကြီးနဲ့က ၄ ချက် ပစ်တာ ကြားတယ်။ ကလေးတက္ကသိုလ်ထဲက အဝေးပစ်လက်နက်ကြီးတွေနဲ့ လှမ်းထုတယ်။ ရွာထဲက လူတွေလည်း ထွက်ပြေးကြတယ်” လို့ ကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့ မနက် ၈ နာရီလောက်ကတည်းက စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့  တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့်  ရဲတပ်ဖွဲ့ဝင်တွေက ကလေး-တီးတိန်-ဟားခါး သွားတဲ့ကားလမ်းကို မွန်းတည့် ၁၂ နာရီလောက်ကစပြီး  လမ်းပိတ်ဆို့ထားတယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်နေ့မှာ ကလေးမြို့ထဲက စစ်ကားတစ်စီးဟာ ၁၀၅-မမ အမြောက်လက်နက်ကို ယူဆောင်ပြီး ကလေးတက္ကသိုလ်ကျောင်းထဲ ဝင်သွားခဲ့ပြီး ဇန်နဝါရီ ၁၆ ရက်နေ့မှာတော့ ကျေးရွာဝန်းကျင်ကို အခုလိုပစ်ခတ်နေတာလို့ သိရပါတယ်။ 

ဇန်နဝါရီ ၁၅ ရက်နေ့က စစ်ကောင်စီနဲ့ ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ ဟိန်ဇိန်တိုက်ပွဲမှာ ဂျက်လေယာဉ်အသုံးပြု တိုက်ခိုက်တာကြောင့် CAN တပ်ကြီးတစ်ဦး ကျဆုံးခဲ့တယ်လို့  CAN  ကသိရပါတယ်။ 

တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေအနေနဲ့ CNDF၊ CNA၊ CDF-KKG၊ Zoland – PDF ၊ CDM တပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

5 months Ago
Up