ဟားခါးမြို့

October 15, 2021

ဟားခါးမြို့က ပြည်နယ်လဝကရုံးဟောင်း မီးလောင်ပြာကျ

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အောက်တိုဘာလ ၁၄ ရက်ညက  ပြည်နယ် လဝကရုံးဟောင်း မီးလောင်ကျွမ်းခဲ့တယ်လို့ ဟားခါးမြို့ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့ ချင်းဦးစီးရပ်ကွက်မှာ မနေ့ည ၁၀ နာရီ ခွဲလောက်မှာ ပြည်နယ် လဝက ရုံး မီးလောင်ကျွမ်းခဲ့တာလို့ ဟားခါးမြို့ခံတစ်ယောက်က ဒီဗွီဘီကိုပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးဘဲ ပေါက်ကွဲသံတွေကြားရတာကြောင့် ဘယ်သူမှ မီးငြိမ်းသတ်ဖို့မထွက်ရဲဘဲ ည ၁၁ နာရီကျော်လောက်မှာ မီးသတ်ကားတွေရောက်တဲ့ အချိန်မှာတော့ အဆောက်ဦးဟာ မီးလောင်ပြာကျသွားပြီလို့ပြောပါတယ်။

ဟားခါးမြို့မှာ CDF တပ်ဖွဲ့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေတိုက်ပွဲ ဖြစ်ပွားပြီးတော့ စက်တင်ဘာ ၁၈ ရက်နေ့က မီးလောင်မှုဖြစ်ပွားသလို့ အခု ဒုတိယကြိမ်မြောက် ထပ်မံမီးလောင်ကျွမ်းခဲ့တာလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဖလမ်းမြို့နယ်၊ ရီလ်သီးရွာနဲ့ ထလန်ရောန်ကျေးရွာမှာလည်း အောက်တိုဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ  ဘုရားကျောင်းအပါအဝင် နေအိမ် ၁၉ လုံးကို အကြမ်းဖက်စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ပါတယ်။

3 months Ago

September 24, 2021

ဟားခါးမြို့တွင် စစ်ကောင်စီသတင်းပေး ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ

ချင်းပြည်နယ် ဟားခါးမြို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းပေး ဒလန်ပေးဆိုပြီး လူသိများသူ ၁ ဦး မနေ့ညက သေနတ်နဲ့ အပစ်ခံရပြီး အပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဟားခါးမြို့ မြို့သစ်ရပ်ကွက်မှာ ရန်နိုင်လင်းကို ဒလန်ရှင်းလင်းရေးအဖွဲ့တစ်ခုက သေနတ်နဲ့ ၃ ချက်ပစ်ခဲ့လို့ ဦးခေါင်း၊ ရင်ဘတ်နဲ့ ဝမ်းဗိုက်တွေမှာ သေနတ်ကျည်ဆန်ထိမှန်ပြီး အပြင်းထန် ဒဏ်ရာရရှိကာ ဟားခါးဆေးရုံမှာ အရေးပေါ် ကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

ဘယ်အဖွဲ့က ပစ်ခတ်သွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဟားခါး မြို့ခံတစ်ယောက်က DVB ကိုပြောပါတယ်။

ရန်နိုင်လင်းဟာ အကြမ်းဖက်စစ်အုပ်စုတွေနဲ့ ပူးပေါင်းပြီး ဒေသခံပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်သလို နည်းလမ်းပေါင်းစုံနဲ့ ဒုက္ခပေးနေတာကြောင့် အခုလို သေနတ်နဲ့ အပစ်ခံရတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ ရန်နိုင်လင်းရဲ့ နေအိမ်အနီးမှာ နေရာယူထားပြီး အနီးပတ်ဝန်းကျင်က နေအိမ်တွေကို ဝင်ရောက်ရှာဖွေတာတွေပြုလုပ်သလို လမ်းသွားလမ်းလာ ပြည်သူတွေရဲ့ ကားတွေ၊ ဆိုင်ကယ်တွေကိုလည်း တားမြစ်စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

4 months Ago
More News
Up