ဟားခါး

January 9, 2023

ဟားခါးမြို့နယ်အတွင်း ရွေးကောက်ပွဲကျင်းပခွင့်မပြုဟု CDF-Hakha Council ကြေညာ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ပြီး ကျင်းပခွင့်ပြုမှာမဟုတ်သလို ရွေးကောက်ပွဲအတွက် ပါဝင်ပတ်သက်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဇန်နဝါရီ ၉ ရက် နေ့စွဲနဲ့ CDF-Hakha Council က အသိပေး ထုတ်ပြန်ပါတယ်။

“အာဏာရူး မင်းအောင်လှိုင်နဲ့ သူ့ရဲ့ အကြမ်းဖက်စစ်ကောင်စီက ရွေးကောက်ပွဲလုပ်ပြီး တရားဝင်အစိုးရ ဖြစ်နိုင်ဖို့ ကြိုးစားတာကို CDF-Hakha Council အနေနဲ့ လုံးဝကန့်ကွက်ပြီး ဟားခါးမြို့နယ်အတွင်းတွင် ကျင်းပခွင့်ပေးမှာ မဟုတ်ဘူး” လို့ အဖွဲ့တာဝန်ရှိသူက ထုတ်ပြန် ပြောဆိုပါတယ်။

ရွေးကောက်ပွဲဖြစ်မြောက်ရေး ပါဝင်ဆောင်ရွက်တဲ့ ဌာနဆိုင်ရာရုံးနဲ့ လူပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီနဲ့ လူပုဂ္ဂိုလ်၊ မဲပေးသူ မည်သူမဆို၊ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်‌ကောင်စီနဲ့အတူ ပြည်သူလူထုရဲ့ရန်သူတွေအဖြစ် သတ်မှတ်ပြီး ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လူပုဂ္ဂိုလ်တဦးဦးအား ထိခိုက်မှု တစုံတရာရှိပါက တာဝန်ယူမှာ မဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်တဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြည်သူတွေကို ကြိုတင်အသိပေး ထုတ်ပြန်ထားပါတယ်။

3 weeks Ago

November 16, 2022

ဟားခါးတွင် စစ်တပ်ပစ်ခတ်သည့် လက်နက်ကြီးကျည်ကြောင့် ၁၄ နှစ်အရွယ် ကလေး ၁ ဦး သေဆုံး

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ကျောဘုတ်ရပ်ကွက်မှာ နိုဝင်ဘာ ၁၅ ရက် ည ၁၀ နာရီခွဲလောက်က စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်‌ ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတယောက် သေဆုံး‌ခဲ့ပြီး  လူ နှစ်ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီးကျည်ဟာ ကျောဘုတ်ရပ်ကွက်ရှိ မိုးဟိန်းသောက်ရေသန့်ကုမ္ပဏီအတွင်း ကျရောက်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် Salai Shalom Van အမည်ရှိ ‌ယောက်ျားလေးတဦး သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒေသခံတဦးက “သေဆုံးသွားတဲ့ ကောင်လေးနဲ့ ရေသန့်စက်ရုံက ဝန်ထမ်း နှစ်ယောက်က ညစောင့်အိပ်တာလို့ သိရတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခဲ့တာပါ။ စက်ရုံဝန်ထမ်း နှစ်ယောက်လည်း ဒဏ်ရာရလို့ ဆေးရုံပို့ထားတယ်” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၆ ရက် မနက် ၁ နာရီလောက်ကလည်း ဟားခါးမြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားတပ်တော် (CNA ) တို့ ထိတွေ့တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဒီဗွီဘီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ကလည်း ဟားခါးမြို့နယ် ဘွန်လုံးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်မှုကြောင့် မူလတန်းပညာသင်ကြား‌နေတဲ့ အသက် ၆ နှစ်နဲ့ ၇ နှစ်အရွယ် ယောက်ျားလေးနှစ်ဦး သေဆုံးခဲ့ပြီး အသက် ၇ နှစ်အရွယ် မိန်းကလေးတဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပါတယ်။

2 months Ago
More News
Up