ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အခုနှစ် မွတ်စလင်တွေရဲ့ အထွတ်အမြတ် ဟာ့ဂျ်ဘုရားပွဲတော်မှာ နိုင်ငံခြားကလာရောက်မယ့်သူတွေကို ပိတ်ပင်တားမြစ်သွားမယ်လို့ ဆော်ဒီအာရေဗျ အစိုးရက ပြောပါတယ်။
ဟာ့ဂျ်ဘုရားဖူးခွင့်ကို ဆော်ဒီနိုင်ငံသားတွေနဲ့ ဒေသခံတွေအတွက်တော့ အကန့်အသတ်နဲ့ ခွင့်ပြုသွားမှာဖြစ်ပြီး လူချင်းခွာနေရမယ့် လုပ်ဆောင်ချက်တွေကို စည်းကမ်း တင်းကြပ်သွားမယ်လို့လည်း ဆိုပါတယ်။
ဒီကြေညာချက်ဟာ ကမ္ဘာတဝန်းက မွတ်စလင်တွေ မက္ကာကို ဘုရားဖူးလာခွင့်မပြုတဲ့ ခေတ်သစ်မှာ ပထမဆုံးနှစ် ဖြစ်လာပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့ ရည်မှန်းချက်က တသက်မှာ အနည်းဆုံး တခါ ဟာ့ဂျ် ဘုရားဖူးခရီးစဉ်အဖြစ် ဆော်ဒီနိုင်ငံက မက္ကာမြို့ဆီ ရောက်နိုင်ဖို့ပါ။
ဆော်ဒီအာရေဗျမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရတဲ့ အတည်ပြုဦးရေ ၁၆၀,၀၀၀ ကျော်နေပြီး ကူးစက်ခံ ၁၃၀၇ ယောက် သေဆုံးခဲ့ပြီးပါပြီ။ ကျန်ခဲ့တဲ့ သီတင်းပတ် နှစ်ပတ်အတွင်း ကူးစက်ခံအသစ်ဦးရေလည်း တိုးလာခဲ့ပါတယ်။
သီတင်းပတ် တပတ်ကြာ ဟာ့ဂျ်ဘုရားဖူးခရီးစဉ်အနေနဲ့ အစ္စလာမ်တွေရဲ့ အမြင့်မြတ်ဆုံး နေရာ မက္ကာနဲ့ မေဒီနာတို့ကို နှစ်စဉ် ကမ္ဘာအနှံ့က ဘုရားဖူး ၂ သန်းခွဲလောက် လောလေ့ရှိပါတယ်။
ဆော်ဒီအာရေဗျအစိုးရရဲ့ တရားဝင် သတင်းအချက်အလက်တွေအရ ဟာ့ဂျ် ဘုရားဖူးခရီးစဉ်ကနေ နှစ်စဉ် အမေရိကန် ဒေါ်လာ ၁၂ ဘီလီယံ ဝင်ငွေရတယ်လို့ သိရပါတယ်။
ဒီနှစ်မတ်လကစပြီး ဆော်ဒီဟာ နိုင်ငံတကာ ခရီးသည်တင်လေကြောင်းလိုင်းတွေကို ရပ်ခဲ့ပြီး နောက်ထပ်ကြေညာချက် မထုတ်မချင်း ဘုရားဖူးအစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ မွတ်စလင်တွေကို တောင်းဆိုခဲ့ပါတယ်။ ရောက်လာပြီးသား နိုင်ငံခြားခရီးသည်တွေလည်း ခရီးစဉ် ဆိုင်းငံ့ထားခဲ့ရပါတယ်။
ဒီလအစောပိုင်းမှာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာစိုးလို့ သူတို့ နိုင်ငံသားတွေ ဆော်ဒီအာရေဗျကို ဘုရားဖူးမသွားကြဖို့ တားမြစ်ခဲ့ပါတယ်။
9 months Ago