ဟာဗေးဝိန်စတိန်း

May 20, 2018

ဟာဗေးဝိန်စတိန်း၏ အဓမ္မပြုကျင့်မှု ခံခဲ့ရဟု အီတလီရုပ်ရှင်မင်းသမီး ပြော

ရုပ်ရှင်မင်းသမီး အေးရှားအာဂျန်တို အသက် ၄၂ နှစ်က မေ ၁၉ ရက်နေ့က ကျင်းပတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်ရဲ့ ပိတ်ပွဲနေ့မှာ ပရိတ်သတ် ပါးစပ်အဟောင်းသား ဖြစ်သွားစေမယ့် မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ စင်မြင့်ပေါ်ကို ရောက်ပြီးပြီးခြင်း “ကျမမှာ ပြောစရာ စကား အနည်းငယ်ရှိပါတယ်” လို့ သူမက စ ပြောခဲ့ပါတယ်။ “၁၉၉၇ ခုနှစ်ရဲ့ ဒီကိန်းစ်ရုပ်ရှပ်ပွဲတော်မှာ ကျမကို ဟာဗေးဝိန်းစတိန်းက အဓမ္မပြုကျင့်ခဲ့တာပါ။ အဲဒီတုန်းက ကျမ အသက်က ၂၁ နှစ်ပဲ ရှိပါသေးတယ်။ ဒီပွဲတော်က သူ့အတွက် သားကောင်လိုက်ဖို့ နေရာပဲ” လို့လည်း သူမက ပြောပါတယ်။ သူမအနေနဲ့ ကြိုတင်ဟောကိန်းတခု ထုတ်ချင်တယ်ပြောပြီး ဟာဗေးဝိန်စတိန်းဟာ ဒီနေရာမှာ ဘယ်တော့မှ ကြိုဆိုခံရမှာ မဟုတ်တော့ပါဘူး။ သူ ဖုံးထားတဲ့ ရာဇဝတ်မှုတွေအတွက် သူ့ကို ဆက်ဆံခဲ့ကြတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းက ကျဉ်ထားပြီး အရှက်ရပြီး နေရပါလိမ့်မယ်လို့ သူမက ဆက်ပြောခဲ့ပါတယ်။ “ဒီညမှာတောင် အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့ရာမှာ တာဝန်ရှိသူတွေဟာ ရှင်တို့ကြားထဲမှာ ထိုင်နေပါတယ်” လို့လည်း သူမက ဒေါသတကြီး ပြောခဲ့ပါသေးတယ်။ ဒီနယ်ပယ်မှာ မသက်ဆိုင်တဲ့ အပြုအမူမျိုးဟာ ဘယ်နယ်ပယ်၊ ဘယ်အလုပ်ခွင်မှာမှလည်း သက်ဆိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “ရှင်ဘာလဲဆိုတာ ရှင်သိပါတယ်။ ဒါထက် ရှင်ဘာလဲဆိုတာ ကျမတို့က သိနေတာပဲ။ ဒီလိုအပြုအမူမျိုးကို ကျမတို့က နောက်ထပ် ခွင့်ပြုတော့မှာ မဟုတ်ဘူး” လို့ သူမ ပြောပြီးချိန် ပရိသတ်က လက်ခုတ်သြဘာပေးလိုက်ပြီး လူမှုကွန်ရက်ပေါ်မှာလည်း သူမကို ချီးကျူးထားတဲ့ မှတ်ချက်တွေနဲ့ ပြည့်နေတယ်လို့ ဆိုပါတယ်။ အီတာလျံရုပ်ရှင်မင်းသမီး အာဂျန်တိုက ဝိန်းစတိန်းရဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ အပြုအမူအတွက် ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ထုတ်ဖော်ပြောကြားလိုက်တဲ့ ပထမဆုံးအမျိုးသမီးတွေထဲက တဦးဖြစ်ပြီး သူက သူမအပေါ် ဘယ်လို အဓမ္မပြုကျင့်ခဲ့သလည်းဆိုတာကို အသေးစိတ် ပြောကြားခဲ့ပါတယ်။ သူမနဲ့ အခြားလက်တဆုပ်စာ အမျိုးသမီးတွေရဲ့ စွပ်စွဲချက်တွေက အသက် ၆၅ နှစ်အရွယ် ဒါရိုက်တာ ဝိန်းစတိန်းကို အကြီးအကျယ် တိုက်ခိုက်လိုက်တာပါ။ ဝိန်းစတိန်းကတော့ သူ ဘယ်အမျိုးသမီးကိုမှ ရုပ်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်မှု မရှိဘူးလို့ ငြင်းပြီး သူတို့အားလုံးရဲ့ စွပ်စွဲချက်တွေကို ငြင်းဆန်ကာ အဲဒီအချိန်ကတည်းက ပုန်းလျှိုးကွယ်လျှိုးပဲ နေတယ်လို့ သိရပါတယ်။ အာဂျန်တိုက ရုပ်ရှင်ပွဲတော်မှာ အကောင်းဆုံး သရုပ်ဆောင်ဆု ချီးမြှင့်ခံရချိန် ဒီပြစ်တင်မောင်းမဲတဲ့ မိန့်ခွန်းကို ပြောခဲ့တာပါ။ သူမမိန့်ခွန်းကို တွစ်တာပေါ်မှာ ချီးကျူးမှတ်ချက်ပေးခဲ့သူတွေထဲမှာ သူမရဲ့ ချစ်သူဖြစ်သူ စီအန်အန်သတင်းထောက် အန်သိုနီဘော်ဒိန်းလည်း ပါပြီး “လုံးဝကို အကြောက်အလန့်မရှိတဲ့ ကိန်းစ်ပွဲတော် လူအုပ်ကြီးကို အံ့သြသွားစေတဲ့ နျူကလီယာဗုံးလို မိန့်ခွန်း” လို့ မှတ်ချက်ရေးထားကြောင်း ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
Up