အမေရိကန်နိုင်ငံ တက္ကဆက်ကမ်းခြေကို ချဉ်းကပ်လာနေတဲ့ ဟာဗေးမုန်တိုင်းဟာ တဖြည်းဖြည်းအားကောင်းလာနေပြီး အဆင့် ၄ အဖြစ် ပြောင်းလဲသတ်မှတ်ထားတယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ပြောပါတယ်။
သြဂုတ်လ ၂၅ ရက် ညနေပိုင်းမှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၃၀ ကျော်အထိ တိုင်းတာရရှိခဲ့ပြီး မုန်တိုင်းအအဆင့် ၄ အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ အမေရိကန် ဟာရီကိန်းစင်တာက ပြောပါတယ်။
တက္ကဆပ်ကမ်းခြေကို ချဉ်းကပ်လာတာနဲ့အမျှ ဟာဗေးမုန်တိုင်းဟာ အားကောင်းလာပြီး မုန်တိုင်းဒဏ်ကို သြဂုတ် ၂၅ ရက်နေ့ညကစတင်ကာ ဟူစတန်မြို့မှာ အပြင်းထန်ဆုံး ခံစားရနိုင်တယ်လို့ အမေရိကန် မိုးလေဝသဌာနက ပြောပါတယ်။
ဒေသခံအာဏာပိုင်တွေက မုန်တိုင်းဒဏ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ကျောင်းတွေကိုလည်း ပိတ်ထားခဲ့ပါတယ်။
ရေကြီးမှုကြိုတင်ကာကွယ်ရေးအတွက်လည်း ဒေသခံအစိုးရက ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့ သိရပါတယ်။
တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့အမိန့်နဲ့ တက္ကဆက်ပြည်နယ်တလျှောက်မှာ အမေရိကန် လေကြောင်းလုံခြုံရေးအပါအဝင် တပ်ဖွဲ့ခွဲအသီးသီးက စစ်သားစုစုပေါင်း ၇၀၀ ကျော်က ကယ်ဆယ်ရေးအတွက် အဆင်သင့် နေရာယူထားကြပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲတခုမှာ တက္ကဆက်မုန်တိုင်းဘေး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့ တနိုင်ငံလုံးက အကူအညီတွေ ပို့ပေးပါမယ်လို့ သမ္မတ ဒေါ်နယ် ထရမ့်က ကတိပေးခဲ့ကြောင်း တက္ကဆက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တက္ကဆက်ပြည်နယ်ကို ဝင်ရောက်နေတဲ့ ဟာဗေးမုန်တိုင်းကို နိုင်ငံတကာ အာကာသ စခန်းကနေ ရိုက်ကူးထားတဲ့ ရုပ်ပုံတွေကိုလည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago