အမေရိကန်နိုင်ငံ ဟာဝိုင်ယီပြည်နယ် ကီလောင်အဲမီးတောင်က ချော်ရည်တွေဟာ မြစ်တခုအသွင် စီးဆင်းနေတာ တွေ့ရပါတယ်။
စနေညကနေ တနင်္ဂနွေနေ့ထိ မီးတောင်အူကြောင်းကနေ ပန်းထွက်နေတဲ့ ချော်ရည်တွေဟာ ပေ ၁၈၀ ထိ မြင့်တယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောလိုက်ပြီး ချော်ရည်စီးကြောင်းက ပင်လယ်ထဲထိ ရောက်ခဲ့တာပါ။
မီးတောင်အူကြောင်းက ဓာတ်ငွေ့ပေါက်ကွဲမှုတွေကြောင့် ငလျင်လေးတွေ လှုပ်နေတယ်၊ မီးတောင်ပြာတွေကတော့ အမြင့်ပေ တသောင်းအောက်မှာ ပြန့်နေတယ်၊ ပေါက်ကွဲမှုကို ဘယ်လိုမှ မခန့်မှန်းနိုင်ပေမယ့် လတ်တလောမှာ အခြေအနေ တည်ငြိမ်နေပုံရတယ်လို့ ဟာဝိုင်ယီ အရေးပေါ်စီမံရေး အေဂျင်စီရဲ့ ပြောခွင့်ရ ရစ်ချတ် ရာပိုဇာက ရိုက်တာသတင်းဌာနကို အီးမေးလ်နဲ့ ဖြေကြား ပြောဆိုပါတယ်။
တနင်္လာနေ့မှာ ရက် ၄၀ ပြည့်တဲ့ မီးတောင်ပေါက်ကွဲမှုဟာ အမေရိကန်မှာ ၁၉၈၀ စိန့်ဟယ်လင် မီးတောင်ပေါက်ကွဲမှုအပြီး ပျက်စီးမှုအများဆုံး မီးတောင်ပေါက်ကွဲမှု ဖြစ်လာတယ်လို့ ဟာဝိုင်ယီတက္ကသိုလ်က မီးတောင်ပညာရှင် စကော့ရိုလန်က ပြောပါတယ်။
ဟာဝိုင်ယီ မီးတောင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု မရှိပေမယ့် အိမ်ခြေ ၆၀၀ ကျော် ချော်ရည်တွေရဲ့ ဝါးမြိုမှုကို ခံခဲ့ရတယ်လို့ ဟာဝိုင်ယီ ခရိုင်ဝန် ဟယ်ရီ ကင်မ်က အရင်အပတ်က ပြောခဲ့ပါတယ်။
3 years Ago