ဟာဝိုင်ယီ

July 17, 2018

ကီလောင်အဲမီးတောင်အနီး ဖြတ်မောင်းသည့် ခရီးသည်တင်လှေပေါ် ချော်ခဲတလုံး ပေါက်ကွဲ ကျရောက်

အမေရိကန်နိုင်ငံ ဟာဝိုင်ယီမြို့ ကီလောင်အဲမီးတောင် အူကြောင်းနားက ကာပိုဟို ကမ်းရိုးတန်းကို ဖြတ်မောင်းတဲ့ ခရီးသည်တင်လှေ အမိုးပေါ် ဘတ်စ်ကက်ဘောလုံး အရွယ်အစားလောက် ချော်ခဲတလုံးနဲ့ အစအနတွေ ဇူလိုင် ၁၆ ရက် မနက်က ပေါက်ကွဲလွင့်စင် ကျလာခဲ့ပါတယ်။ အဲဒီအတွက် ခရီးသည် ၂၃ ဦး ဒဏ်ရာရခဲ့ပြီး အဲဒီထဲက တဦး ပေါင်ရိုးကျိုးကာ တခြားလူတွေ အပူလောင်ဒဏ်ရာ ရခဲ့လို့ ဆေးရုံတင်ပို့ထားတယ်လို့ ဟာဝိုင်ယီ အရပ်ဘက် ကာကွယ်ရေးဌာနက ပြောပါတယ်။ မေလထဲမှာ စပေါက်ကွဲတဲ့ ကီလောင်အဲမီးတောင်က ချော်ရည်တွေ ပင်လယ်ထဲ စီးဝင်ရာက ပြီးခဲ့တဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ ကျွန်းကြီးရဲ့မြောက်ဘက်စွန်း ကမ်းလွန်မှာ ကျွန်းငယ်တခု အသစ်ပေါ်ထွန်းခဲ့တယ်လို့ အမေရိကန် ဘူမိစစ်တမ်းဌာနက ပြောပါတယ်။ ဟာဝိုင်ယီမီးတောင် စောင့်ကြည့်ရေးအဖွဲ့က ဇူလိုင် ၁၃ ရက်မနက် လေကြောင်းခရီးစဉ်အတွင်း သတိထားမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ ကျွန်းကို နာမည်ပေးဖို့ဟာ ဒေသခံတွေရဲ့ တာဝန်ပဲလို့ အရာရှိတွေက ပြောပါတယ်။ မီးတောင်ချော်ရည်တွေ ပင်လယ်ရေနဲ့ ထိတွေ့ချိန်မှာ အဆိပ်သင့်ဓာတ်ငွေ့နဲ့ ဟိုက်ဒရိုကလိုရစ် အက်ဆစ်တွေရဲ့ ဘေးတွေ ရှိနေတယ်လို့လည်း သတိပေးထားပါတယ်။
3 years Ago

May 29, 2018

ကီလောင်ဝဲမီးတောင်မှ ချော်ရည်များ လူနေအိမ်ခြံဝန်းထဲအထိ စီးဝင် (ရုပ်သံ)

ဟာဝိုင်ယီကျွန်းပေါ်က ကီလောင်ဝဲမီးတောင် ပေါက်ကွဲနေတာ ခုဆိုရင် ၄ ပတ်မြောက်ဖြစ်နေပြီး မီးတောင်ချော်ရည်တွေက လူနေအိမ်တအိမ်ရဲ့ နောက်ဖက်ခြံဝန်းထဲ ဝင်ရောက်ပြီး အိမ်ကို ချော်ရည်တွေနဲ့ ဝိုင်းနေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။ မေလ ၂၄ ရက်နေ့က ဟာဝိုင်ယီကျွန်းပေါ် လီလာနီနယ်မြေက အိမ်ဝင်းထဲ မီးတောင်ချော်ရည်တွေ စီးဆင်းလာတာကို ရုပ်သံထဲမှာ မြင်ရပါတယ်။ အိမ်အစိတ်အပိုင်း အတော်များများ အပါအဝင် လမ်းတလျှောက်မှာရှိတဲ့ အရာတိုင်းကို ချော်ရည်တွေက တဖြည်းဖြည်း လောင်ကျွမ်းပစ်လိုက်တာ မြင်ရပြီး ညတွင်းချင်း ချော်ရည်တွေဟာ ဘူမိအပူဓာတ်ဆိုင်ရာ စွမ်းအားတိုင်တွေဆီ ရောက်သွားခဲ့တာပါ။ ချော်ရည်တွေနဲ့ စွမ်းအားတိုင်တွေ ရောသွားပြီးရင် အဆိပ်ငွေ့ ထုတ်လွှတ်နိုင်တဲ့ အန္တရာယ်ရှိတဲ့အတွက် အဖုံး ဖုံးအုပ်ထားရတဲ့ အနီးဆုံးရေတွင်းနဲ့ ကိုက် ၂၀၀ အတွင်းကို ရောက်ရှိသွားခဲ့တာပါ။ ဒီအခြေအနေကို မေလ ၂၇ ရက်နေ့မှာ အာဏာပိုင်တွေက ထုတ်ဖော်ပြသလိုက်တယ်လို့ ဆိုပါတယ်။ ဟာဝိုင်ယီမီးတောင် စောင့်ကြည့်အကဲခတ်သူ စတိ့ဗ်ဘရန်တလေက ချော်ရည်စီးကြောင်းဟာ တညလုံး ရေတွင်းနား ရောက်လုနီးပါး ဖြည်းဖြည်းချင်း စီးဆင်းပြီးတဲ့နောက်  မေလ ၂၇ ရက်နေ့ မနက်မှာတော့ ရပ်တန့်သွားတယ်လို့ ပြောပါတယ်။ ဒီလအစောပိုင်းတုန်းကလည်း အာဏာပိုင်တွေက စွမ်းအင်တိုင်တွေ ရှိရာနေရာက အဆိပ်ဓာတ်ငွေ့ ဖြစ်နိုင်ခြေရှိတဲ့ ဓာတ်ငွေ့ဂါလံ ၅ သောင်းကို ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
4 years Ago
More News
Up