ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး

June 1, 2016

ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး

အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေးလိုက်ပါတယ်။ ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့်ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်းကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။ ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်၊ ဒေသခံ အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းခိုင်းရင် လုပ်ကို လုပ်ရမှာဖြစ်ပြီး မစောင့်နဲ့လို့ အိုဘားမားက ပြောပါတယ်။ လာမယ့် ဟာရီကိန်း မုန်တိုင်းရာသီအတွက် ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီမှာ ကျင်းပတဲ့ လုပ်ငန်းစဉ် ညွှန်ကြားရေး အစည်းအဝေးမှာ ခုလို ပြောလိုက်တာပါ။ ဇွန် ၁ ရက်နေ့မှာ တရားဝင်စတင်တဲ့ ၂၀၁၆ ဟာရီကိန်းရာသီအတွက် အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံအုပ်ချုပ်ရေးရုံးက အရင်အပတ်မှာ ဟောကိန်းထုတ်ခဲ့တာပါ။ လတ်တလော ဆယ်စုနှစ်တွေအတွင်း စုဆောင်းရရှိတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ဟာရီကိန်းမုန်တိုင်းဟာ ခါတိုင်းထက် နည်းနည်းပိုတဲ့ လှုပ်ရှားမှုတွေ ရှိလိမ့်မယ်လို့ ခန့်မှန်း ဟောကိန်းထုတ်ထားပါတယ်။
6 years Ago
Up