အမေရိကန်နိုင်ငံ မြောက်ကယ်ရိုလိုင်းနားပြည်နယ်ကို ဟာရီကိန်း ဖလောရင့်စ် ဝင်ရောက်ခဲ့တဲ့အတွက် သေဆုံးသူဦးရေဟာ စက်တင်ဘာ ၁၆ ရက်နေ့အထိ ၁၅ ဦး ရှိသွားပါပြီ။
မုန်တိုင်းကြောင့် သောင်းနဲ့ချီတဲ့နေအိမ်တွေ ပျက်စီးပြီး မြစ်ရေတွေလျှံနေလို့ ဆိုးဆိုးရွားရွား ရေကြီးမယ့်အန္တရာယ် ရှိနေပါတယ်။
ဟာရီကိန်းမုန်တိုင်းဟာ လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပေမယ့် မိုးရေချိန် ၅ လက်မကနေ ၁၀ လက်မအထိ ရွာသွန်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
တချို့ကုန်းတွင်းဒေသတွေမှာ စုစုပေါင်း မိုးရေချိန် ၁၅ လက်မကနေ လက်မ ၂၀ အထိ ရွာသွန်းနိုင်ပြီး ကမ်းရိုးတန်းနဲ့နီးတဲ့ ဒေသတွေမှာတော့ လက်မ ၃၀ ကျော် ရွာနိုင်တယ်လို့ အမျိုးသား ဟာရီကိန်းစင်တာက သတင်းထုတ်ပြန်ပါတယ်။
ဟာရီကိန်း ဝင်ရောက်ခဲ့တာကြောင့် မြောက်နဲ့ တောင်ကယ်ရိုလိုင်းနား ပြည်နယ်တွေနဲ့ အနီးဝန်းကျင် ပြည်နယ်တွေက နေအိမ်နဲ့ လုပ်ငန်း ၆၆၈,၀၀၀ ခန့်ဟာ လျှပ်စစ်မီး ပြတ်တောက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago