ဟယ်လီကော်ပတာ

May 18, 2020

တောထဲ ၆ ရက်ကြာပျောက်ဆုံးနေသည့် ထိုင်းရွာသား ၄ ဦးကို ဟယ်လီကော်ပတာဖြင့် ကယ်တင် 

ထိုင်းနိုင်ငံအလယ်ပိုင်း ဗိဆနုလုတ်ခရိုင်ထဲမှာ တောထဲဟင်းရွက်ခူးထွက်ရင်း မျက်စိ လည်လမ်းမှားပြီး ၆ ရက်ကြာ ပျောက်ဆုံးနေတဲ့ ရွာသား ၄ ဦး နဲ့ ခွေး ၃ ကောင်ကို ထိုင်းစစ်တပ်က ဒီကနေ့ မွန်းလွဲပိုင်းမှာ ဟယ်လီကော်ပတာနဲ့ သွားရောက်ကယ်တင်ခဲ့ပါတယ်။  ဗိဆနုလုတ်ခရိုင် ဝမ်းထောင်းန်မြို့နယ် ဝမ်းနုတ်အဲန်ကျေးရွာအုပ်စုထဲက အသက် ၄၀ ကျော်ရွယ် လင်မယား ၂ ယောက်၊ အသက် ၄၀ ကျော် ရွာသူ ၁ ဦး၊ ၁၄ နှစ်သား ၁ ဦး နဲ့ ခွေး ၃ ကောင်ဟာ ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့က တောထဲမှာ ဟင်းရွက်နဲ့အစာ လိုက်လံရှာဖွေရင်း ပြန်လမ်းကို ရှာမတွေ့တော့ဘဲ မျက်စိလည်နေကြောင်း အိမ်ကို အကြောင်းကြားခဲ့တာပါ။  ရွာသားနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ၊ စစ်တပ် တပ်ဖွဲ့ဝင်တွေဟာ ပျောက်ဆုံးနေသူတွေကို မြေပြင်မှာရော ဝေဟင်မှာပါ လိုက်လံရှာဖွေနေကြရာက မနေ့ညနေပိုင်းမှာတော့ မီးခိုးတန်းတွေ ထွက်နေတဲ့နေရာကို စစ်တပ်ရဟတ်ယာဉ်တစီး တွေ့ရှိခဲ့ပါတယ်။  ကယ်ဆယ်ရေးအဖွဲ့က အဲဒီနေရာကို အနီးဆုံးပျံဝဲပြီး အသံချဲ့စက်နဲ့ အင်္ကျီချွတ်ပြီး မြှောက်ပြခိုင်းတာကို အောက်ကလူတွေလည်း လိုက်လုပ်ကြလို့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွက အဲဒီနေရာမှာပြစောင့်နေဖို့၊ မီးကို အဆက်မပြတ်မွှေးထားဖို့ အမြန်ဆုံးလာခေါ်မယ့်အကြောင်းကို အော်ပြောခဲ့ပါတယ်။  အဆိုပါနေရာဟာ သူတို့စတင်ပျောက်ဆုံးခဲ့တဲ့ တောအစပ်နဲ့ ၁၀ ကီလိုမီတာကျော် ကွာဝေးပြီး တောတောင်ထူထပ်တာကြောင့် ဟယ်လီကော်ပတာ ချက်ချင်းဆင်းကယ်လို့ မရသေးဘဲ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက လေထီးနဲ့ အရင်ဆင်းကာ စားနပ်ရိက္ခာတွေပေးပြီး ဟယ်လီကော်ပတာဆင်းလို့ရမယ့် ကွင်းပြင်ငယ်တခုကို ခုတ်ထွင်ရှင်းလင်းခဲ့ပါတယ်။  အဆင်သင့်ဖြစ်ကာမှ ဒီကနေ့ မွန်းလွဲပိုင်းမှာ ဟယ်လီကော်ပတာနဲ့ ရွာသားတွေရော ခွေးတွေကိုပါ သွားရောက်ခေါ်ဆောင်ပြီး ဆေးရုံကို အရင်ဆုံးပို့ဆောင်ပေးခဲ့ပါတယ်။  ရွာသားတွေဟာ တောထဲမှာ ပိတ်မိနေစဉ် စိမ်းစမ်းရေတွေ ရှာဖွေသောက်သုံးပြီး တောထဲက ငှက်ပျောရိုင်းတွေ စားသုံးကာ အသက်ဆက်ခဲ့ရတယ်လို့ ဆိုပါတယ်။  အခြေခံကျန်းမာရေးစစ်ဆေးချက်အရ ရွာသား ၄ ယောက်လုံး စိုးရိမ်စရာမရှိသလို ခွေး ၃ ကောင်လုံးလည်း ကျန်းမာစွာရှိနေတယ်လို့ ဆိုပါတယ်။  ကိုးကား --  ထိုင်းရတ် ၊ Bright TV  သတင်း 
11 months Ago
Up