ဟယ်ရီဂရပ်

February 18, 2020

ယူနိုက်တက်ဂိုးသမားဟောင်း မြူးနစ်သူရဲကောင်း ဟယ်ရီဂရပ် ကွယ်လွန်

၁၉၅၈ ခုနှစ် မြူးနစ် လေကြောင်းဖြစ်ရပ်ဆိုးကနေ အသက်ရှင် လွတ်မြောက်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂိုးသမားဟောင်း ဟယ်ရီဂရပ်ဟာ အသက် ၈၇ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ဂရပ်ဟာ ဒီဖြစ်ရပ်ဆိုးမတိုင်ခင် နှစ်လကမှ ယူနိုက်တက်အသင်းကို ရောက်ရှိခဲ့သူ ဖြစ်ပြီးတော့ လေယာဉ်ပျက်ကျပြီး အပျက်အစီးတွေထဲမှာ ပိတ်မိနေတဲ့ ယူဂိုဆလပ် သံတမန်တဦးရဲ့ ကိုယ်ဝန်ဆောင်ဇနီးသည်နဲ့ သမီးငယ်ဖြစ်သူတို့ကို ပြန်လည် ကယ်ဆယ်ခဲ့မှုအတွက် ‘မြူးနစ်သူရဲကောင်း’ အဖြစ် ဂုဏ်ပြုခံခဲ့ရသူလည်း ဖြစ်ပါတယ်။  ဂရပ်ဟာ ဒီဖြစ်ရပ်ကနေ အသက်ရှင်ခဲ့ပြီးနောက် အသင်းဖော်တွေဖြစ်တဲ့ ဘော်ဘီချာတန်လ်၊ ဒင်းနစ်ဗိုင်အိုလက်စ်တို့ကို ထပ်မံကယ်တင်ခဲ့ပြီး အသင်းမန်နေဂျာ မက်ဘတ်စ်ဘီနဲ့ တနိုင်ငံတည်းသား မြောက်အိုင်ယာလန် လက်ရွေးစငေ ဂျက်ကီဖလန့်ဖလားဝါးတို့ကိုလည်း ကူညီပေးခဲ့သူ ဖြစ်ပါတယ်။  သူ့နာရေးသတင်းကို Harry Gragg ဖောင်ဒေးရှင်း ဖေ့စ်ဘွတ်ကနေ အတည်ပြု ထုတ်ပြန်ပေးခဲ့ပါတယ်။  “ယူနိုက်တက်အသင်းနဲ့ အိုင်ယာလန်အသင်းတို့ရဲ့ ဂန္ထဝင်ကစားသမား ဟယ်ရီဂရပ် ကွယ်လွန်သွားခဲ့ပြီ ဆိုတာကို စိတ်မကောင်းစွာနဲ့ပဲ ကြေညာအပ်ပါတယ်။ သူဟာ သူချစ်ရတဲ့ မိသားစုတွေ ခြံရံပြီးတော့ ဆေးရုံမှာပဲ ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါပြီ” လို့ ဒီပို့စ်မှာ ရေးသားထားပါတယ်။  “ကစားသမားဟောင်း ဟယ်ရီဂရပ် သေဆုံးခဲ့မှုကို ကြားသိရတဲ့အတွက် ကြီးစွာ စိတ်မကောင်း ဖြစ်ရပါတယ်။ ယူနိုက်တက်အသင်းနဲ့ ပတ်သတ်သူတိုင်းရဲ့ စာနာမှုဟာ သူ့မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ ထပ်တူရှိနေပါတယ်” လို့လည်း ယူနိုက်တက်အသင်းက သူတို့ တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ မြူးနစ်ဖြစ်ရပ်ဆိုးလို့ ထင်ရှားတဲ့ ဒီလေကြောင်းမတော်တဆမှုမှာ ဂရပ်နဲ့ ယူနိုက်တက် အသင်းဖော်တွေ ပါဝင်တဲ့ လေယာဉ်ဟာ နှင်းထူထပ်စွာ ကျဆင်းနေတာကြောင့် ပျက်ကျခဲ့ရတာပါ။ ဒီဖြစ်ရပ်မှာ ယူနိုက်တက်အသင်းရဲ့ ကစားသမား ၈ ဦးနဲ့ အသင်းဝန်ထမ်း ၇ ဦး အပါအဝင် စုစုပေါင်းလူ ၂၃ ဦး သေဆုံးခဲ့ရပါတယ်။ ယူနိုက်တက်အသင်းဟာ ဂရပ်ကို အဲဒီအချိန်တုန်းက ဂိုးသမားတဦးအတွက် စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ဒွန်ကတ်စတာရိုဗာအသင်းကနေ ၁၉၅၇ ခုနှစ်မှာ ခေါ်ယူခဲ့ပါတယ်။ ဂရပ်ဟာ ယူနိုက်တက်အသင်းအတွက် ၂၄၇ ပွဲ ကစားပေးပါတယ်။ သူဟာ မြောက်အိုင်ယာလန်အသင်းအတွက်လည်း ၁၉၅၈ ခုနှစ် ကမ္ဘာ့ဖလားပွဲမှာ ကိုယ်စားပြုခွင့်ရရှိခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံး ဂိုးသမားဆုကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။  သူ့သေဆုံးမှုအတွက် ယူနိုက်တက်အသင်းရဲ့ ဂန္ထဝင်တွေက ဝမ်းနည်းကြောင်း ထုတ်ဖော် ရေးသားခဲ့ပါတယ်။
1 year Ago
Up