ကလေးဘဝဇာတ်ကောင် ရေသူမလေးရုပ်ရှင်ကား The Little Mermaid မှာ မင်းသမီးလေး အေရီယယ်အဖြစ် သရုပ်ဆောင်ဖို့ လူမည်း ဆယ်ကျော်သက် သရုပ်ဆောင်မင်းသမီး ဟယ်လီဘေလီ ရွေးချယ်ခံခဲ့ရပါတယ်။
အသက် ၁၉ နှစ်အရွယ် ဘေလီဟာ ကလိုဝီနဲ့ ညီအစ်မ ၂ ဦး အတူတူ ဖွဲ့စည်းထားတဲ့ Chloe x Halle ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ်ကာ ပြီးခဲ့တဲ့နှစ် ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ အကောင်းဆုံး တက်သစ်စ အဆိုတော်ဆုအတွက် လျာထားခံခဲ့ရသူပါ။
၂၀၁၃ ခုနှစ်မှာ ကလိုဝီနဲ့ ဘေလီ ညီအစ်မဟာ နာမည်ကြီး အာရ်အဲန်ဘီအဆိုတော် ဘီယွန်းစေးရဲ့ Pretty Hurts သီချင်းကို Cover သီဆိုခဲ့ချိန်မှာ ပရိသတ်တွေ သတိထားမိခဲ့ပြီး ဘီယွန်းစေးဆီကပါ လမ်းညွှန်ကူညီမှု ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ သူတို့ရဲ့ Chloe x Halle ဂီတအဖွဲ့ကို ဘီယွန်းစေးရဲ့ တေးသံသွင်းကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုခဲ့ကာ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ခုနောက်ဆုံး တချိန်က နာမည်ကြီး အန်နီမေးရှင်း ဇာတ်မြူးရုပ်ရှင်ကား The Little Mermaid ကို live-action ပုံစံ ပြန်ပြီးရိုက်မယ့် ဒီရုပ်ရှင်ကားမှာ လူမည်းအမျိုးသမီး သရုပ်ဆောင်တဦးအနေနဲ့ ဘေလီ ပါဝင်လာမယ့်သတင်းဟာ အားလုံးကို အံ့အားသင့်စေခဲ့တာပါ။
ဒစ္စနေးရဲ့ ရုပ်ရှင်ကားတွေ အများစုမှာတော့ မင်းသမီးအများစုဟာ လူဖြူမင်းသမီးတွေ ဖြစ်ကြပြီး အေရီယယ် မင်းသမီးဇာတ်ကောင်ဟာ မျက်လုံးပြာပြာနဲ့ ဖြူဖျော့ဖျော့ အသားအရေရှိတဲ့ ဇာတ်ကောင်ဖြစ်ပါတယ်။
ဒီသတင်းဟာ လတ်တလောမှာတော့ ပရိသတ်တွေကြား စိတ်ဝင်စားစရာ သတင်းတပုဒ် ဖြစ်နေခဲ့ပြီး ချီးကျူးမှုတွေလည်း ရှိသလို ဝေဖန်မှုတွေလည်း ရှိနေခဲ့တာပါ။
ဒါကို သဘောမကျတဲ့ ပရိသတ်တချို့ကတော့ မင်းသမီးအနေနဲ့ ရေသူမလေးနဲ့ တကယ့်ကို တူညီတဲ့ မျက်လုံးပြာပြာ၊ အသားအရေ ဖြူဖျော့ဖျော့ ပုံစံမျိုး ဖြစ်သင့်တယ်လို့ ဝေဖန်နေကြပါတယ်။
ဒါပေမယ့် ဒစ္စနေးဘက်က တာဝန်ရှိသူတွေရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ ဒီဇာတ်လမ်းရဲ့ ဖန်တီးရှင် ဒိန်းမတ်နိုင်ငံသား ဟန်းစ်ခရစ္စရှန်အန်ဒါဆန်ကို ရည်ညွှန်းပြီး အေရီယယ်ဟာ သမုဒ္ဒရာ ရေအောက်နိုင်ငံမှာနေပြီး သူသာသွားလိုရင် ဘယ်နိုင်ငံတကာ ရေပိုင်နက်မှာဖြစ်ဖြစ် ကူးခတ်သွားလာနိုင်ပြီး လူမည်းရေသူမလေးလည်း ဖြစ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
2 years Ago