ဟယ်ရီနှင့်မက်ဂန်

May 19, 2018

ဟယ်ရီနှင့်မက်ဂန်တို့အတွက် ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ်ပေးရန် ကြိုးပမ်း

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနဲ့ အမေရိကန်ရုပ်ရှင်မင်းသမီး မက်ဂန်တို့ စုံတွဲအတွက် ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ်ကို လူပေါင်း ထောင်ချီ ဖန်တီးပုံဖော်နေကြပါတယ်။ ဗြိတိန်တော်ဝင်မင်္ဂလာပွဲ ကျင်းပဖို့ ၂ ရက်အလိုမှာ Busy Buttons အမည်ရှိ  ဒီဇိုင်းကုမ္ပဏီ တစ်ခုကနေ တော်ဝင်ဇနီးမောင်နှံအတွက် မင်္ဂလာလက်ဖွဲ့အဖြစ် ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ် ပေးဖို့ ကြိုးပမ်းနေတာပါ။ အဲဒီလို ကြိုးပမ်းရာမှာ ကမ္ဘာတစ်ဝှမ်းက လူပေါင်းထောင်ချီပါဝင်ပြီး အများစုကတော့ ဗြိတိန်နိုင်ငံက ကျောင်းသား ကျောင်းသူတွေပဲ ဖြစ်ကြပါတယ်။ “ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ် ပြုလုပ်တဲ့အတွက် လူတိုင်း ကိုယ်ရေးချင်တဲ့ စာတိုလေးတွေ ရေးနိုင်ပါတယ်။ အဲဒီ စာတိုလေးတွေကို ဆက်ပြီး တော်ဝင်မင်းသား ဟယ်ရီနဲ့ ရုပ်ရှင်မင်းသမီး မက်ဂန်ကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမှာပါ” လို့ ဂင်းနစ်မှတ်တမ်းဝင်ရေး စီစဉ်သူ လော်တာရိုလမ်ပီယမ်နန် က ပြောခဲ့ပါတယ်။ “သားတို့ ကမ္ဘာ့စံချိန် ချိုးနိုင်မှာပါ။ ဘာလို့လဲဆိုတော့ သားတို့ ကမ္ဘာ့စံချိန်ချိုးမယ်ဆိုပြီး ကတိပေးထားတဲ့ လူတွေကို စိတ်ပျက်သွားလို့ မဖြစ်ဘူးလေ။ သူတို့တွေ  စိတ်ပျက်သွားလို့ မဖြစ်ဘူး။” လို့ ပါဝင်ပြုလုပ်သူ လူဝဲလာဖာနန်ဒက်ဇ်လမ်ပီယမ်နန် က ပြောခဲ့ပါတယ်။ “မဟာမင်္ဂလာကတ်” လို့ အမည်ပေးထားတဲ့ အဲဒီ လက်ဆောင်ဟာ အရှည်အားဖြင့် တမိုင်ရှိပြီး အဲဒီအတွက် ကတ်ပေါင်း ၅၃၆၀ ကတ်လိုအပ်မှာဖြစ်ပါတယ်။ တော်ဝင်မင်္ဂလာပွဲ ကျင်းပဖို့ နှစ်ရက်အလိုမှာ လက်ဆော်င်ကတ် ၃,၀၀၀ ကို ရရှိထာဒပြီး အဲဒီထဲက ကတ်ပေါင်း ၁,၇၀၀ ဟာ ဆက်ဖို့ကျန်သေးတယ်လို့ သိရပါတယ်။ ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ် ဖြစ်ရေး ကြိုးပမ်းမှုကို ဧပြီ ၂၈ ရက်နေ့က စတင်ခဲ့ပြီး မင်္ဂလာပွဲကျင်းပမယ့် မေလ ၁၉ ရက်နေ့မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။ ပြီးဆုံးသွားတဲ့အခါ  အဲဒီ ကမ္ဘာ့အရှည်ဆုံး ခေါက်လက်ဆောင်ကတ်ကို သစ်သားသေတ္တာအတွင်း ထည့်သွင်းပြီး တော်ဝင်ဇနီးမောင်နှံ မင်္ဂလာလက်ဖွဲ့ အဖြစ် ပေးအပ်မယ်လို့ သိရပါတယ်။
4 years Ago
Up