ဟမ်းဘက်ခ်လင်းပိုင်

September 14, 2020

ဟောင်ကောင်ကျွန်းကို ဟမ်းဘက်ခ်လင်းပိုင်များ ပြန်ရောက်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ခရီးသွားလာမှု ထိန်းချုပ်ကန့်သတ်ထားတဲ့အတွက် ဟောင်ကောင်ကျွန်းဝန်းကျင်က လှေတွေ၊ ကူးတို့ယာဉ်တွေ ရှင်းနေတဲ့ ကမ်းရိုးတန်းပတ်လည်ကို အင်ဒိုပစိဖိတ်ဟမ်းဘက်ခ် လင်းပိုင်တွေ ပြန်ရောက်လာခဲ့ကြပါပြီ။  ဒါဟာ ရေနေနို့တိုက်သတ္တဝါတွေအပေါ် ရေအောက် ဆူညံသံရဲ့သက်ရောက်မှုကို လေ့လာဖို့ သိပ္ပံပညာရှင်တွေအတွက် တသက်မှာ တခါသာရတဲ့ အခွင့်အရေးလည်း ဖြစ်လာပါတယ်။  ဒေသအသုံးအနှုန်းအရ တရုတ်လင်းပိုင်ဖြူလို့ ခေါ်ကြတဲ့ လင်းပိုင်တွေဟာ ပုလဲမြစ်ဝမှာ နေပြီး နေရာရွှေ့ပြောင်းတတ်တဲ့ မျိုးစိတ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်ပါတယ်။  မြန်နှုန်းမြင့် ကူးတို့ယာဉ်တွေဆီက ဆူညံသံကင်းမဲ့တာကြောင့် အကြီးစား ပတ်ဝန်းကျင်ဖိ အား ရုတ်တရက် ပပျောက်သွားတဲ့အခါ ဘာတွေဖြစ်လာတယ်ဆိုတာ လက်တွေ့ကမ္ဘာက သရုပ်ပြ နေတယ်လို့  ပင်လယ်လင်းပိုင်တွေကို နှစ် ၃၀ ကျော်ကြာလေ့လာနေသူ ဟောင်ကောင်အဏ္ဏဝါ သိပ္ပံပညာရှင် လင်ဆေးပေါ်တာက ပြောပါတယ်။ လတ်တလော တိုးတက်မှု ရှိပေမယ့် ဟောင်ကောင်လင်းပိုင်အရေအတွက်ဟာ ရေရှည် တိုးတက်မယ့်အဆင့်ကို ဘယ်တော့မှ ပြန်ရောက်လာတော့မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။  လတ်တလော နှစ်တွေအတွင်း ဟောင်ကောင်အစိုးရဟာ ဒေသမျိုးရင်း လင်းပိုင်တွေ အတွက် ထိန်းသိမ်းစောင့်ရှောက်ရေးမူဝါဒတွေ တိုးတက်အောင် စိတ်ဝင်တစား တက်တက်ကြွကြွ လုပ်နေတာပါ။  အဏ္ဏဝါဥယျာဉ် ခြောက်ခုကို ဖွင့်ထားပြိး ပင်လယ်ရေကြောင်း ယာဉ်ကြောရှုပ်ထွေးမှုကို ကန့်သတ်ချက်တွေလည်း ထုတ်ပြန်ခဲ့ပါတယ်။  ဒါပေမဲ့ ကာကွယ်ရေးဧရိယာတွေကြားမှာ ဖြတ်မောင်းတဲ့ မြန်နှုန်းမြင့် ကူးတို့ယာဉ်တွေ ကြောင့် ဒီလုပ်ရပ်တွေက မလုံလောက်သေးဘူးလို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက ဝေဖန်ခဲ့ပါတယ်။
1 year Ago
Up