ဟနွိုင်းမြို့

September 8, 2021

ဗီယက်နမ် မြို့တော်ဟနွိုင်းတွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များ သီတင်းနှစ်ပတ် သက်တမ်းတိုး

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဟနွိုင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးအတွက် ကန့်သတ်ချက်တွေကို နောက်ထပ် သီတင်းပတ်နှစ်ပတ် ဆက်ပြီး သက်တမ်းတိုးမယ်လို့ စက်တင်ဘာ ၆ ရက်က ကြေညာလိုက်ပါတယ်။ 

ကူးစက်မှု တိုးလာတာကို ထိန်းချုပ်ရေးအတွက် မြို့တော်အတွင်း ကူးစက်ကပ်ဘေး မြင့်မားတဲ့ နေရာတွေမှာ ပြည်သူ ၁ ဒသမ ၅ သန်းကို ကူးစက်မှု ရှိ၊ မရှိ စမ်းသပ်မယ့် အစီအစဉ်ကိုလည်း အာဏာပိုင်တွေက စတင်လိုက်ပါတယ်။

ဟနွိုင်းမြို့တော်မှာ ဇူလိုင်လတည်းက ခုထိ ပြည်သူတွေ အိမ်ထဲမှာပဲ နေကြဖို့နဲ့ မဖြစ်မနေ မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ထားဖို့ အမိန့်ထုတ်ထားပါတယ်။

အခုတော့ ကူးစက်မှုဘေးအပေါ် မူတည်ပြီး မြို့ကို အနီရောင်၊ လိမ္မော်ရောင်နဲ့ အစိမ်းရောင်ဇုန် ၃ ခု ခွဲထားပါတယ်။

အနီရောင်ဇုန်ထဲက လူတွေ အမိုးအကာအောက်မှာပဲ နေရမှာဖြစ်ပြီး အိမ်သားတိုင်း တပတ်ကို ၃ ကြိမ် ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးခံရမယ်လို့ မြို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန် ထားပါတယ်။

တခြားဇုန်တွေက ပြည်သူတွေကတော့ ၅ ရက်တိုင်း ဒါမှမဟုတ် ၇ ရက်တိုင်းမှာ တခါ ကူးစက်ခံ ဟုတ်၊ မဟုတ် စစ်ဆေးခံရမှာ ဖြစ်ပါတယ်။

စက်တင်ဘာ ၅ ရက်နေ့အထိ စာရင်းအင်းအရ လူဦးရေ ၈ သန်းရှိတဲ့ ဟနွိုင်းမြို့တော်မှာ ဒေသခံ သုံးပုံတပုံက ကာကွယ်ဆေး အပြည့်ထိုးပြီးပါပြီ။

ဟနွိုင်းနဲ့ ဟိုချီမင်းစီးတီးမြို့တွေက အရွယ်ရောက်ပြီးသူတိုင်း စက်တင်ဘာ ၁၅ ရက် နောက်ဆုံးထားပြီး အနည်းဆုံး တကြိမ် ကာကွယ်ဆေးထိုးကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက ဆော်သြထားပါတယ်။

လူဦးရေ ၉၈ သန်းရှိတဲ့ ဗီယက်နမ်မှာ ပြည်သူ ၃ ဒသမ ၃ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့် ထိုးနှံပြီးစီးထားလို့ ဒေသတွင်း ကာကွယ်ဆေးထိုးနှုန်း အနိမ့်ဆုံးတနိုင်ငံ ဖြစ်နေပါတယ်။

1 year Ago

July 3, 2020

ဟနွိုင်းမြို့က ရွှေရောင်ပြိုးပြက်လင်းလက်နေသည့်  ကြယ်ငါးပွင့် ဟိုတယ် 

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းက ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံးဟာ   ဧည်သည်တွေကို ဆွဲဆောင်တဲ့အနေနဲ့ ဟိုတယ်အပြင်ပိုင်းကစလို့ အတွင်းပိုင်း ရေချိုးကန်ကနေ  ရေအိမ်အထိ  ရွှေရောင်ပြိုးပြိုးပြက်ပြက် ဖြစ်အောင် ဖန်တီးထားပါတယ်။ “ဒုချ်ဟန်နွိုင်း ရွှေကန်သာ” ဟိုတယ်ဟာ   ခရီးသွားလုပ်ငန်း ဖြည်းဖြည်းချင်း ပြန်အဖွင့်မှာ ဧည်သည်တွေ ရဖို့ မျှော်လင့်နေပါတယ်။  ဗီယက်နမ် ဟိုဘင် ကုမ္ပဏီလုပ်ငန်းအုပ်စုက  ပိုင်ဆိုင်ပြီး အမေရိကန်အခြေစိုက် ဝင်းဒန်း  ဟိုတယ်နဲ့အပန်းဖြေလုပ်ငန်းက စီမံခန့်ခွဲတဲ့ ဒီဟိုတယ်ဟာ အနီးဝန်းကျင်က ဆိုဗီယက်ခေတ် အဆောက်အအုံ ဟောင်းတွေနဲ့  ပုံစံချင်း  ကွဲလွဲနေပါတယ်။  ဟိုတယ်နဲ့ပတ်သက်လို့ ဟိုဘင်ကုမ္ပဏီအုပ်စုရဲ့ ဥက္ကဋ္ဌဖြစ်သူကလည်း ဒီလိုအချိန် ကမ္ဘာမှာ   သူတို့လို  ရွှေရောင်ပြိုးပြိုးပြက်ပြက်ထနေတဲ့ ဟိုတယ်မျိုး မရှိပါဘူး ဆိုပါတယ်။   ဧည်သည့်ခန်းတွေမှာတော့ ရေချိုးကန်၊ မျက်နှာဆေးကန်အားလုံး  ရွှေရောင် လက်နေ ပါတယ်။ ဟိုတယ်ခေါင်မိုး ရေကူးကန်ကလည်း ၂၄ ကာရက်  ရွှေရောင်ကြွေပြားတွေနဲ့ ဆောက်ထားတယ်လို့  ဟိုတယ်ပိုင်ရှင်က ပြောပါတယ်။  အခန်းပေါင်း ၃၄၂ ခန်းပါ  ကြယ်ငါးပွင့် ဟိုတယ် တည်းခိုနှုန်းကတော့  တစ်ညကို အနည်းဆုံး  အမေရိကန် ဒေါ်လာ ၂၅၀ လို့  ရိုက်တာသတင်းအရ သိရပါတယ်။  
2 years Ago
More News
Up