ထိုင်းနိုင်ငံမှာ ဟန်ဂေရီ သံတမန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ ထိုင်းအစိုးရက နိုဝင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
ဒီသတင်းကြောင့် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီးက ဒေသတွင်းနိုင်ငံတွေဆီကို လာရောက် လည်ပတ်မယ့် ခရီးစဉ်ကို ဆိုင်းငံ့ခဲ့ရပါတယ်။
အမည်မဖော်သူ ဘန်ကောက် အခြေစိုက် သံတမန်ဟာ အသက် ၅၃ နှစ်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံဖြစ်နေတာကို နိုဝင်ဘာ ၉ ရက်က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
သူဟာ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာအဲ့စ်ဇစ်ဂျာတို့ရဲ့ တရားဝင်အလည်အပတ် ခရီးစဉ်မတိုင်မီ နာရီပိုင်းအတွင်းမှာ သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူပါ။
သံတမန်က ကူးစက်ခံဖြစ်ကြောင်း စစ်ဆေးတွေ့ရှိအပြီး ဝန်ကြီးရဲ့ ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရပါတယ်။
ဟန်ဂေရီကနေ ကူးစက်ခံလာရသူဆီက ပြည်တွင်းအချင်းချင်း ထပ်ဆင့်ကူးစက်မှုလို့ ထိုင်း ရောဂါထိန်းချုပ်ရေးဌာနညွှန်မှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်း ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးနဲ့ ထိတွေ့ခဲ့တဲ့ တခြားလူ ၁၆ ဦးကတော့ ကူးစက်မခံရဘူးလို့ သူက ဆက်ပြောပါတယ်။
ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီးဟာ ကမ္ဘောဒီးယားနိုင်ငံအတွင်း ထိပ်တန်းအရာရှိတွေနဲ့ အစောပိုင်းက တွေ့ဆုံခဲ့ပါသေးတယ်။
အဲဒီထဲက ကမ္ဘောဒီးယား လွှတ်တော်အမတ်၊ ဟန်ဂေရီသံအမတ်ကြီးတို့ အပါအဝင် ၄ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်လို့ ရိုက်တာသတင်းဌာနက ရေးပါတယ်။
ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် အပါအဝင် တခြားလူအယောက် ၁၀၀၀ ကျော်ဟာလည်း ကူးစက်ခံ ဟုတ်၊ မဟုတ် ဆေးစစ်ခံခဲ့ရပြီး သူတို့အားလုံး ကူးစက်ခံ မဟုတ်ဘူးလို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ လတ်တလော ကူးစက်မှုတွေအတွက် သတိထားတဲ့အနေနဲ့ မြို့တော် ဖနွမ်ပင်က ကျောင်းတွေကို ပိတ်ထားပါတယ်။
2 years Ago