ဟန်ဂေရီရုပ်ရှင်

March 20, 2019

ရာဇဝင်သမိုင်းဆိုင်ရာ ဒရာမာရုပ်ရှင် ပရိသတ်အကြိုက် ဟန်ဂေရီရုပ်ရှင်ကား - Sunset (နမူနာ)

ရာဇဝင်သမိုင်းဆိုင်ရာ ဒရာမာရုပ်ရှင် ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ဟန်ဂေရီ ရုပ်ရှင်ကား Sunset ကို လာမယ့် မတ်လ ၂၂ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားကိုတော့ ဟန်ဂေရီ ရုပ်ရှင်ဒါရိုက်တာ László Nemes က ရိုက်ကူး ပုံဖော်ပေးထားတာဖြစ်ပြီး နာမည်ကြီး ရုပ်ရှင်ကုမ္ပဏီ Sony Pictures Classics က တင်ဆက်လိုက်တာ ဖြစ်ပါတယ်။ ဒီကားကတော့ ပထမကမ္ဘာစစ် မဖြစ်မီကာလက ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်စ်မှာ လမ်းပျောက်နေတဲ့ အမျိုးသမီးငယ်တယောက် အကြောင်းကို ရိုက်ကူးပုံဖော်ပေးထားခဲ့တာပါ။ သူဟာ ကွယ်လွန်သွားတဲ့ မိဘတွေရဲ့ ဦးထုပ်အရောင်းဆိုင်မှာ အလုပ်လုပ်ဖို့ ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ ရုတ်တရက်ပဲ သူ့ဘဝဟာ အလှည့်အပြောင်းတခုလို ဖြစ်သွားခဲ့တဲ့ အခြေအနေတခု ဖြစ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ အစ်ကိုတယောက် ရှိနေတယ်ဆိုတာကို သိလိုက်ရပြီး ရှာပုံတော်ဖွင့်ချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတွေကို စိတ်လှုပ်ရှားစရာ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိသတ်တွေ ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာ ဟန်ဂေရီ မျက်နှာသစ် သရုပ်ဆောင်မင်းသမီး Juli Jakab၊ သရုပ်ဆောင်မင်းသား Vlad Ivanov တို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီကားထဲမှာပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းတွေ၊ ပြကွင်းပြကွက်တွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၇ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ Restricted R အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကို နာမည်ကြီး ရုပ်ရှင်ပွဲတော်တွေဖြစ်တဲ့ Venice Film Festival၊ Toronto International Film Festival စတဲ့ ရုပ်ရှင်ပွဲတော်တွေမှာ ကနဦးပြသခဲ့ပြီး ချီးကျူးမှုတွေလည်း ရရှိထားပါတယ်။ ဒီကားဟာ IMDb မှာတော့ Rating 6.7 အထိ ရရှိထားပြီး ဘတ်ဂျက် ယူရိုငွေ ၈ ဒသမ ၈ သန်း အကုန်အကျခံ ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၁၄၄ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားကို ဟန်ဂေရီမှာတော့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။
3 years Ago
Up